ရခိုင်အခြေစိုက် DMG သတင်းဌာနကို SB က တရားစွဲထား

ရခိုင်အခြေစိုက် DMG သတင်းဌာနကို SB က တရားစွဲထား
ဓာတ်ပုံ - အေးချမ်းခိုင်

ရန်ကုန် ၊ မေ ၂ ။       ။ ရခိုင်ပြည်နယ်  စစ်တွေမြို့တွင် အတွင်း အခြေစိုက်ထားသည့် Development Media Group (DMG) သတင်းဌာနကို သတင်း တပ်ဖွဲ့ SB က တရားလိုပြုလုပ်ပြီး တရားစွဲဆိုထားသည်ဟု ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး မောင်မောင် က မဇ္စျိမသို့ အတည်ပြုပြောဆိုသည်။

“ ကျွန်တော်တို့ ရဲတပ်ဖွဲ့က စွဲတာမဟုတ်ပါဘူး။ သတင်းတပ်ဖွဲ့ SB က တရားလိုလုပ်ပြီး စွဲတာပါ” ဟု ဒုတိယ ရဲမှူးကြီး မောင်မောင်က ဆိုသည်။
သို့သော်လည်း DMG သတင်းဌာနအား မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ မေလ ၁ ရက်နေ့တွင် မတရားအသင်း ဆက်သွယ် မှု ဥပဒေပုဒ်မ ၁၇/၂ ဖြင့် တရားစွဲဆိုထားကြောင်း ရခိုင်အခြေစိုက် လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့နေ သည်။

 “ကျွန်တော်တို့ကိုတော့ တရားဝင်အနေနဲ့ အကြောင်းမကြားသေးဘူး။ တရားစွဲထားတယ်ဆိုတဲ့ အကြောင်း တော့ ကြားတယ်” ဟု DMG သတင်းဌာန အမှုဆောင်အရာရှိချုပ် ဦးအောင်မင်းဦးက ဆိုသည်။
မည်သည့်အချက်ကြောင့် တရားစွဲဆိုခြင်းကိုမူ မဇ္စျိမအနေဖြင့် အသေးစိတ် အတည်မပြုနိုင်သေးပေ။ သို့သော် လည်း DMG အနေဖြင့် ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားနေသည့် တိုက်ပွဲများအကြောင်းကို သတင်းမီဒီယာ ကျင့်ဝတ်နှင့် အညီရေးသား ဖော်ပြနေခြင်းသာ ဖြစ်သည်ဟု ဦးအောင်မင်းဦးက ဆိုသည်။

“ရခိုင်ပြည်နယ်ထဲမှာ ဖြစ်နေတဲ့ ပဋိပက္ခဖြစ်ဖြစ် ၊ ပြည်သူတွေရဲ့ အဖြစ်ကို သတင်းမီဒီယာကျင့်ဝတ်နဲ့ အညီ တင်ပြတယ်။ အဲ့ဒါကို သူတို့ ဘယ်လိုမြင်လဲတော့ မသိဘူးပေါ့နော်၊ ဘယ်ဟာကို အခြေခံပြီး တရားစွဲလဲ ဆိုတာ တော့ မသိသေးဘူးပေါ့နော်” ဟု ၄င်းကပြောဆိုခဲ့သည်။

ရခိုင်ပြည်နယ်ဆိုင်ရာ သတင်းဖော်ပြမှုများကြောင့် ဧရာဝတီသတင်းဌာနနှင့် RFA မြန်မာပိုင်းသတင်းဌာနတို့ကို တပ်မတော်မှ တရားစွဲဆိုထားခြင်းများလည်း ရှိနေသည်။

DMG သတင်းဌာန၏ ဝက်ဘ်ဆိုက် တိုက်ခိုက်ခံနေရပြီး ပြန်လည်ရယူရေးကြိုးပမ်းနေကြောင်းလည်း မေ ၂ ရက် အစောပိုင်းက ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required