ကမ္ဘောဒီးယားက ရခိုင်ပြည်နယ်အတွက် ကန်ဒေါ်လာ ကိုးသောင်း လှူဒါန်း

ကမ္ဘောဒီးယားက ရခိုင်ပြည်နယ်အတွက် ကန်ဒေါ်လာ ကိုးသောင်း လှူဒါန်း
ဓာတ်ပုံ - AFP

ရန်ကုန် ၊ မေ ၂ ။     ။ ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီအနေဖြင့် ကမ္ဘောဒီးယားက မြန်မာနိုင်ငံကို  အမေရိကန်ဒေါ်လာ ကိုးသောင်း လှူဒါန်းလိုက်သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် သွားရောက်ခဲ့သည့် ကမ္ဘောဒီးယား နိုင်ငံ ခရီးစဉ်အတွင်း၌ လှူဒါန်းခဲ့ခြင်းလည်းဖြစ်သည်။

ယင်းခရီးစဉ်အတွင်း၌ ဒေါ်အောင်ဆန်းစုကြည်နှင့် ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်တို့အကြား တွေ့ဆုံမှု ပြုလုပ်ခဲ့ပြီး ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ ပညာရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး၊ အာဆီယံနှင့် ဧရာဝတီ- ကျောက်ဖရား-မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ အပါအဝင် ဒေသတွင်း အဖွဲ့အစည်းများ၌ ပူးပေါင်းဆောင်ရွက်ရေး စသည့်တို့ကို ဆွေးနွေးခဲ့သည်ဟု မြန်မာအစိုးရဘက်က သတင်းထုတ်ပြန်ထားသည်။

ယင်းအပြင် နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးနှင့် အပြန်အလှန် အကာအကွယ်ပေးရေး စာချုပ်၊ အခွန်နှစ်ထပ် ကျသင့်မှု ရှောင်ရှားရေး သဘောတူစာချုပ် ချုပ်ဆိုရေးနှင့် ပညာရေးပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ အပါအဝင် လက်မှတ်ရေးထိုးပြီး သဘောတူညီချက်များနှင့် နားလည်မှုစာချွန်လွှာများကို ထိရောက်စွာ အကောင်အထည် ဖော်ဆောင်ရေး၊ ပညာသင်ဆုများ အပြန်အလှန်ဖလှယ်ပေးအပ်ရေးတို့ ဆွေးနွေးခဲ့ကြသည်။

မြန်မာနှင့် ကမ္ဘောဒီးယားနှစ်နိုင်ငံအကြား ကုန်သွယ်မှု၊ ရင်းနှီးမြုပ်နှံမှု ဆက်ဆံမှုများ အားနည်းနေသော်လည်း ခရီးသွားလုပ်ငန်းတွင်မူ ပြီးခဲ့သည့်   ၂ဝ၁၈ ခုနှစ်အတွင်း၌ မြန်မာနိုင်ငံသား နှစ်သောင်းနှစ်ထောင်ကျော် ကမ္ဘောဒီးယားကို သွားရောက်လည်ပတ်ခဲ့ကြပြီး၊ နှစ်စဉ် မြန်မာခရီးသွား ၁၈ ရာခိုင်နှုန်း တိုးတက်နေသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် ကမ္ဘောဒီးယားနိုင်ငံကို ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ဧပြီလ ၂၉ ရက်နေ့မှ မေလ ၁ ရက်နေ့ အထိ သွားရောက်ခဲ့ခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required