အမေရိကန်နိုင်ငံရေးရာ အတွင်းဝန် မြန်မာနိုင်ငံသို့ လာမည်

အမေရိကန်နိုင်ငံရေးရာ အတွင်းဝန် မြန်မာနိုင်ငံသို့ လာမည်

ရန်ကုန် ၊ ဧပြီ ၂၆ ။     ။ အမေရိကန် နိုင်ငံခြားရေးရာဝန်ကြီးဌာန၊  နိုင်ငံရေးရာ အတွင်းဝန် ဒေးဗစ်ဟေလ်သည် မေလ ၁ ရက်နေ့ ၃ ရက်နေ့ အထိ မြန်မာနိုင်ငံသို့ လာရောက်ပြီး အစိုးရ ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းခေါင်းဆောင်များနှင့် တွေ့ဆုံသွားမည်ဟု အမေရိကန်သံရုံးက ဧပြီ ၂၆ ရက်နေ့ ညနေပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

ယင်းသို့တွေ့ဆုံစဉ်အတွင်း မြန်မာနိုင်ငံအတွင်းမှ ဒီမိုကရက်တစ် အသွင်ကူးပြောင်းရေး ကိစ္စများ ၊ ပဋိပက္ခ အဆုံးသတ်ရေး ကိစ္စများ၊ ငြိမ်းချမ်းရေးကိစ္စများနှင့် ရခိုင်ပြည်နယ်အတွင်းမှ လူသားချင်းစာနာမှုနှင့် လူ့အခွင့်အရေး အကျပ်အတည်း ကိစ္စရပ်များ ဖြေရှင်းရေးတို့ကို အလေးထားဆွေးနွေးသွားမည်ဖြစ်သည်။

အမေရိကန် နိုင်ငံရေးရာအတွင်းဝန်၏ ခရီးစဉ်သည် ဧပြီ ၂၉ ရက်နေ့မှ မေ ၆ ရက်နေ့အထိ ကြာမြင့်မည်ဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံ တို့ကို သွားရောက်မည်ဖြစ်သည်။

အင်ဒိုနီးရှားနိုင်ငံ၌ အစိုးရတာဝန်ရှိသူများအပြင် အရပ်ဘက်အဖွဲ့အစည်းများ၊ လူငယ်ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံမည်ဖြစ်ပြီး ထိုင်းနိုင်ငံ၌ ထိုင်းနိုင်ငံ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ အရပ်ဘက်အဖွဲ့အစည်းကိုယ်စားလှယ်များနှင့် တွေ့ဆုံမည်ဖြစ်သည်။

ယင်းအပြင် အာဆီယံ အမြဲတမ်းကိုယ်စားလှယ်များနှင့်လည်း တွေ့ဆုံမည်ဖြစ်ကာ ဒေသဆိုင်ရာအရေးနှင့် အာဆီယံက ဦးစားပေးဆောင်ရွက်နေမှုများကို ဆွေးနွေးသွားမည်ဖြစ်သည်။

အတွင်းဝန်သည် မေ ၆ ရက်တွင် ဂျပန်နိုင်ငံသို့သွားရောက်မည်ဖြစ်ပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံကာ အမေရိကန်-ဂျပန် မဟာမိတ်ဆက်ဆံရေး၊ အပြန်အလှန်အကျိုးစီးပွားဆိုင်ရာ နှစ်နိုင်ငံဆက်ဆံရေး ကိစ္စရပ်များကို ဆွေးနွေးသွားမည်ဖြစ်သည်ဟု ဧပြီ ၂၆ ရက်နေ့ ညနေပိုင်းက ထုတ်ပြန်သော အမေရိကန်သံရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required