တပ်မတော်ကို အသရေဖျက်မှုဖြင့် ထောင်ကျခဲ့သော ကချင်လူငယ်နှစ်ဦး မြစ်ကြီးနားအကျဉ်းထောင်မှ လွတ်မြောက်

တပ်မတော်ကို အသရေဖျက်မှုဖြင့် ထောင်ကျခဲ့သော ကချင်လူငယ်နှစ်ဦး မြစ်ကြီးနားအကျဉ်းထောင်မှ လွတ်မြောက်

ရန်ကုန်၊ ဧပြီ ၂၆ ။            ။ တပ်မတော်ကိုအသရေဖျက်သည်ဟုဆိုကာ ထောင်ဒဏ်ချမှခံခဲ့ရသည့် ကချင်လူငယ် ခေါင်းဆောင် နှစ်ဦး ဖြစ်သော ကိုဇော်ဂျက်နှင့် ကိုလွမ်းဇောင်းတို့သည် ယနေ့ (ဧပြီ ၂၆ ရက်)တွင် သမ္မတ၏ လွတ်ငြိမ်းချမ်းသာ ခွင့်ဖြင့် မြစ်ကြီးနားအကျဉ်းထောင်မှ လွတ်မြောက်လာခဲ့သည်။

“ နိုင်ငံတော်သမ္မတရဲ့လွတ်ငြိမ်းချမ်းသာခွင့်ပေးတာတော့ အသိအမှတ်ပြုပါတယ်။ ဒါပေမယ့်ကျွန်တော်တို့ကို ထောင်ဒဏ် ၆လနဲ့ ငွေဒဏ် ၅ သိန်းချမှတ်တယ်။ အဲ့တော့ သက်သေမခိုင်လုံဘဲ မတရားထောင်ချတယ်လို့ ယူဆတယ်။ တရားသူကြီးရဲ့အပေါ်မှာ ကျွန်တော်တို့ သံသယရှိတယ်။ ကျွန်တော်တို့ကို ထောင်ဒဏ် ၆ လ ချမှတ်ပြီးမှ ၅ လနီးပါး အကျဉ်းချထားလိုက်တယ်။ အခုထွက်ခါနီးမှပဲ လွတ်ငြိမ်းချမ်းသာခွင့်ပေးတယ်ဆိုတာ နိုင်ငံရေးအမြတ်ထုတ်မှုပဲလို့ယူဆလိုက်ရမယ်ပေါ့နော်” ဟု ထောင်မှလွတ်မြောက်လာသည့် ကိုလွမ်းဇောင်းက မီဒီယာများကို ပြောသည်။

ထို့အပြင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလထဲတွင် မြစ်ကြီးနားတရားရုံးမှ ထောင်ဒဏ်ချမှတ်ခြင်းကိုခံခဲ့ရသည့် ၎င်းတို့ သည် နိုင်ငံတော်အစိုးရကို ဆန့်ကျင်ခြင်းမဟုတ်ဘဲ ပြည်သူတွေအတွက် တောင်းဆိုတာဖြစ်ကြောင်း ပြောသည်။

“ ကျွန်တော့်ကိုစွပ်စွဲတာဆိုရင် လုံးဝ တစ်ဖက်သတ်စွပ်စွဲပြီးမှ ထောင်ချလိုက်တာဖြစ်တယ်။ ဘာမှသက်သေ အထောက်အထားမပြနိုင်ဘူး ”  ဟု ကိုလွမ်းဇောင်း ကဆိုသည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်အတွင်း တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ် (KIA) တို့၏ တိုက်ပွဲတွေကြား ပိတ်မိပြည်သူများ လွတ်မြောက်စေရေးအတွက် မြစ်ကြီးနားမြို့တွင် ဆန္ဒထုတ်ဖော်စဉ်နှင့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ် ပြောဆိုမှုများကြောင့် ကိုလွမ်းဇောင်း ၊ ကိုဇော်ဂျတ်နှင့် ဒေါ်နန်ပူ တို့ကို မြောက်ပိုင်းတိုင်း စစ်ဌာန ချုပ်မှ ဒုတိယ ဗိုလ်မှုးကြီး မျိုးမင်းဦးက ပုဒ်မ ၅၀၀ နဲ့ တရားလိုပြုလုပ်၍ တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

တိုုက်ပွဲများကြားတွင် ပိတ်မိနေသည့် ပြည်သူများအား ကူညီကယ်ထုတ်နိုုင်ရန် ဆန္ဒထုတ်ဖော်ရာတွင် ပါဝင် ခဲ့သော အဆိုပါလူငယ်ခေါင်းဆောင် ၃ ဦးကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၇ ရက်က ထောင်ဒဏ် ၆ လ စီနှင့် ဒဏ်ငွေ ၅ သိန်းစီ ပေးဆောင်ရန် မြစ်ကြီးနား တရားရုုံးက အမိန့်ချခဲ့ခြင်းလည်းဖြစ်သည်။

ထို့ကြောင့် မြစ်ကြီးနားအကျဉ်းထောင်တွင် ၅ လခန့်ထောင်ကျခံပြီးနောက် ယနေ့တွင် သမ္မတ၏ လွတ်ငြိမ်း ချမ်းသာခွင့် အမိန့်ဖြင့် လွှတ်မြောက်လာခဲ့ခြင်းလည်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly