ရခိုင်စစ်ဘေးဒုက္ခသည်များကို ထိထိရောက်ရောက် ကူညီရေး အစိုးရကို မေးခွန်းထုတ်မည်

ရခိုင်စစ်ဘေးဒုက္ခသည်များကို ထိထိရောက်ရောက် ကူညီရေး အစိုးရကို မေးခွန်းထုတ်မည်
 (ဓာတ်ပုံ- Rakhine Ethnics Congress)

ရန်ကုန်(ဧပြီလ ၂၅ရက်၊ ၂၀၁၉ခုနှစ်)။ ။ ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်(AA)နှင့် တပ်မတော်တို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် စစ်ဘေးဒုက္ခသည်ဦးရေ သုံးသောင်းခွဲခန့် ရှိလာပြီး အစိုးရအနေဖြင့် အဆိုပါ စစ်ရှောင်ပြည်သူများကို ထိထိရောက်ရောက် ကူညီရန် ပြည်သူ့လွှတ်တော်အမတ်တစ်ဦးက လွှတ်တော်တွင် မေးခွန်း မေးမြန်းရန် စီစဉ်ထားသည်။

တပ်မတော်နှင့် AA တို့အကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့သည်မှာ လေးလကျော်ကြာမြင့်လာပြီဖြစ်ကာ လက်ရှိအချိန်ထိ တိုက်ပွဲများ လျှော့ချနိုင်ခြင်း မရှိသေးသောကြောင့် ဒုက္ခသည်ဦးရေ များပြားလာပြီး အကူအညီ၊ အထောက်အပံ့ များစွာ လိုအပ်နေသည်ဟု စစ်ဘေးရှောင် ဒုက္ခသည်များအရေး မေးခွန်းမေးမည့် မြေပုံမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးဖေသန်းက ပြောသည်။

“အခု အစိုးရကလည်း ဟုတ်တိပတ်တိ မကူညီ၊ အရပ်သားတွေ ကူညီဖို့ဆိုရင်လည်း သူတို့က အနှောင့် အယှက် ပေးတယ်။ ဌာနဆိုင်ရာတွေကိုလည်း မကူညီရ စာထုတ်ထားတယ်။ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ INGOs တွေကိုလည်း သူတို့ ကန့်သတ်ထားတယ်ဆိုတော့ ဟိုမှာလည်း စစ်ပွဲတွေက နေ့တိုင်း ဖြစ်တယ်။ မကြာခင်လည်း မိုးကျတော့မယ်” ဟု ရခိုင်အမျိုးသားပါတီအမတ်လည်းဖြစ်သူ ဦးဖေသန်းက မဇ္ဈိမကို ပြောသည်။

လာမည့် ဧပြီလ ၂၉ရက်တွင် နေပြည်တော်ရှိ လွှတ်တော်အစည်းအဝေးများ ပြန်လည် ကျင်းပမည်ဖြစ် သော်လည်း ဦးဖေသန်း၏ စစ်ဘေးရှောင်ဒုက္ခသည်များအရေး မေးခွန်းမှာ မေးခွင့်ရ၊ မရ မသေချာသေးပေ။

“သူတို့ ကူညီတာက မစွတ်မပွတ်ရယ်။ အဲ့ဒီမှာ တစ်ကယ့်ကို ကြီးကြီးမားမား အကူအညီတွေ လိုအပ်နေတယ်။ ကျန်းမာရေး၊ နေထိုင်ရေး၊ ရေရရှိရေးကအစ မိုးကျတော့မယ်ဆိုတော့ လုံးချင်းအိမ်ရာတွေ တစ်ခုခု ဆောက်ပေးရတော့မယ်။ လုံခြုံတဲ့ အစီအစဉ်တစ်ခုလည်း မရှိဘူး” ဟု ဦးဖေသန်းက ဆိုသည်။

ရခိုင်ပြည်နယ်တွင်း တိုက်ပွဲများကြောင့် ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များမှ ဒေသခံ သုံးသောင်းခွဲခန့်မှာ ဘေးလွတ်ရာရှိ ကျေးရွာမှာ ယာယီ ဖွင့်လှစ်ထားသည့် စခန်းများတွင် နေထိုင်နေကြရခြင်း ဖြစ်သည်။

စစ်ဘေးဒုက္ခသည်စခန်းအားလုံးတွင် စားနပ်ရိက္ခာ၊ သောက်သုံးရေနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာ မရှိသေးသလို အချို့စခန်းများတွင် မသန့်ရှင်းသည့် သောက်ရေကို သောက်သုံးနေရပြီး စခန်းအချို့တွင် သောက်ရေပြတ်လပ်တော့မည် အခြေအနေ ရောက်နေသည်ဟု ဧပြီလ ၂၂ရက်နေ့ ကောက်ယူထာသည့် စာရင်းများကို အခြေခံကာ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး(REC) က ထုတ်ပြန်ထားသည်။

ထို့ပြင် လက်ရှိ ပူးပြင်းသော နွေရာသီနှင့် မကြာမီ ကျရောက်တော့မည့် မိုးရာသီအတွက် သင့်လျော် ကောင်းမွန်သော ယာယီတဲများ အရေးတကြီး လိုအပ်နေကြောင်းလည်း စစ်ဘေးရှောင် ဒုက္ခသည်များကို ကူညီပေးနေသည့် REC ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

“အဓိက အရေးတကြီး လိုနေတာက သင့်လျော်ကောင်းမွန်တဲ့ ယာယီအဆောက်အဦတွေ လိုနေတယ်။ အခုဆိုလည်း နေက အရမ်းပူနေတယ်။ အဲ့တော့ အမိုးအကာက မဖြစ်မနေ လိုနေတာပေါ့။ တချို့စခန်းတွေ မှာကတော့ ရေက မဖြစ်မနေ လိုနေတယ်ဗျ။ တချို့စခန်းတွေမှာဆိုရင်လည်း စားနပ်ရိက္ခာ မလောက်တာတွေ ရှိတယ်” ဟု REC အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက မဇ္ဈိမကို ပြောသည်။

ရခိုင်ပြည်နယ်ရှိ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မြောက်ဦး၊ ကျောက်တော်နှင့် မင်းပြားမြို့ နယ်ငါးခုတွင် ရပ်ရွာ အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်ဟုဆိုကာ နှစ်လ သက်တမ်း ရှိသည့် ညမထွက်ရန်အမိန့် ပုဒ်မ ၁၄၄ကို ယခုလ ၂ရက်က ထုတ်ပြန်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags