အချုပ်ခန်းအတွင်း ဖမ်းဆီးခံရစဉ် အချုပ်သားသေဆုံးမှုအတွက် ရဲတပ်ဖွဲ့ဝင်များကို အရေးယူရန် လူ့အခွင့်အရေး ကော်မရှင် အကြံပြု

အချုပ်ခန်းအတွင်း ဖမ်းဆီးခံရစဉ် အချုပ်သားသေဆုံးမှုအတွက် ရဲတပ်ဖွဲ့ဝင်များကို အရေးယူရန် လူ့အခွင့်အရေး ကော်မရှင် အကြံပြု
ဓာတ်ပုံ- မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရန်ကုန် ၊ ဧပြီ ၂၄ ။           ။ ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်ခမြို့နယ်ရဲစခန်း အချုပ်ခန်းအတွင်း၌ ထိန်းသိမ်းထားသည့် အချုပ်သားတစ်ဦး သေဆုံးခဲ့သည့် အမှုတွင် တာဝန်ရှိသူများကို အရေးယူသင့်သည်ဟု မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ပြည်ထဲရေးဝန်ကြီးဌာနကို အကြံပြုတင်ပြထားကြောင်း ဧပြီ ၂၄ ရက်နေ့တွင် သတင်းထုတ်ပြန် ထားသည်။

ဝါးခယ်မမြို့နယ် မြစ်ကလေးကျေးရွာရှိ ဦးကျော်အေးကို ဝါးခယ်မရဲစခန်းတွင် ထိန်းသိမ်းထားရာမှ တစ်ပတ် အကြာတွင် ဦးခေါင်းဒဏ်ရာများဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့ဝင်များမှ အချုပ်သားအား လူ့အခွင့်အရေးနှင့်မလျော်ညီဘဲ ညှင်းပန်း နှိပ်စက်ခြင်းကြောင့် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု မိသားစုဝင်များက လူ့အခွင့်အရေးကော်မရှင်ကို သွားရောက် တိုင်ကြားခဲ့သည်။

ယင်းအတွက်ကြောင့် ကော်မရှင်မှ ဧပြီ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ သွားရောက်စစ်ဆေးခဲ့ပြီး အမှုနှင့် သက်ဆိုင်သူ ၁၆ ဦးကို တွေ့ဆုံမေးမြန်းခဲ့ကာ တာဝန်ရှိသူများကို အရေးယူသင့်ကြောင်း သတင်းထုတ်ပြန် ခဲဲ့ခြင်းလည်းဖြစ်သည်။

 အဆိုပါကိစ္စဖြစ်စဉ်နှင့် ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာ၌  ကျယ်ကျယ်ပြန့်ပြန့် ဝေဖန် ပြောဆိုခဲ့ခြင်း များလည်း ရှိနေခဲ့သည်။

 လူ့အခွင့်အရေးကော်မရှင်မှ ပြည်ထဲရေးဝန်ကြီးဌာနသို့ ပေးပို့သည့် အကြံပြုချက်၌ အချုပ်သားသေဆုံးရခြင်း အကြောင်းကို မိသားစုဝင်များထံ မရှင်းပြခြင်း ၊ ကြိုတင်ကာကွယ်တားဆီးမှုများ လုံလောက်စွာ မပြုလုပ် နိုင်ခြင်းတို့ကြောင့် တာဝန်ရှိသူများကို အရေးယူသင့်ကြောင်း ဖော်ပြထားသည်။

 ယင်းအပြင် အချုပ်သားသေဆုံးရခြင်းနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ အရေးယူဆောင်ရွက်ထားရှိမှုကို သက်ဆိုင်ရာ မိသားစုဝင်များထံသို့ ရှင်းလင်းအသိပေးပြောကြားခြင်းများကို ဆောင်ရွက်သင့်ကြောင်း ရေးသား အကြံပြုထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required