ရှမ်းမြောက်ရှိ KIA တပ်စခန်းအချို့ကို တပ်မတော်သိမ်းပိုက်ရရှိ

ရှမ်းမြောက်ရှိ KIA တပ်စခန်းအချို့ကို တပ်မတော်သိမ်းပိုက်ရရှိ
ဓာတ်ပုံ - EPA

ရန်ကုန် ၊ ဧပြီ ၂၄ ။      ။ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်အတွင်းရှိ KIA တပ်စခန်းအချို့ကို တပ်မတော်မှ သိမ်းပိုက်ရရှိခဲ့သည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းမှ မဇ္စျိမသို့အတည်ပြု ပြောဆိုသည်။

“သင်္ကြန်ပြီးတဲ့အချိန်မှာ သုံးကြိမ်လောက်ပေါ့။ မနေ့ကဆိုရင်လည်း လေးကြိမ်လောက်ပေါ့ တိုက်ပွဲဖြစ်ပွားခဲ့တာ ရှိတယ်။ ရန်သူ့နေရာတွေကို သိမ်းပိုက်ရရှိခဲ့တာရှိပါတယ်။ တိုက်ပွဲဖြစ်ပွားခဲ့တာတွေရှိတယ်” ဟု ၄င်းက ဆိုသည်။

KIA ဘက်မှ ရှမ်းပြည်မြောက်ပိုင်းအတွင်း နယ်မြေကျော်လွန်လှုပ်ရှားခြင်းကြောင့် ထိတွေ့တိုက်ခိုက်မှုများ ဖြစ်ပွားခြင်း ဖြစ်ပြီး အသေးစိတ်အချက်အလက်များအား သတင်းထုတ်ပြန်ပေးမည်ဟုလည်း ၄င်းကဆိုသည်။

“အဓိက ဖြစ်ပွားရတာကတော့ ရမခ နယ်မြေ(ရှမ်းအရှေ့မြောက်နယ်မြေ)ထဲမှာ ဝင်ရောက်ပြီးတော့ နယ်မြေကျော်လွန် လှုပ်ရှားနေလို့ ဖြစ်ပွားခဲ့ရတဲ့ ထိတွေ့မှုတွေပဲဖြစ်ပါတယ်” ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆိုသည်။

ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင်အတွင်းရှိ KIA တပ်မဟာ (၆) လက်အောက်ခံ တပ်ရင်း(၃၆) ဌာနချုပ် စခန်းအပါအဝင် စခန်းအချို့ သိမ်းပိုက်ခံခဲ့ရသည်ဟု ကချင်ပြည်နယ်အခြေစိုက်သတင်းဌာနများတွင် ရေးသားထားသော်လည်း မဇ္စျိမအနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

တိုက်ပွဲဖြစ်စဉ်များဖြင့် KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူထံ ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိပေ။

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် ပါဝင်သည့် စစ်တိုင်း ငါးတိုင်းတွင် တပ်မတော်မှ လေးလကြာ အပစ်အခတ် ရပ်စဲထားသည့် ကာလ ကုန်ဆုံးချိန်၌ ရှမ်းမြောက်တွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလာခြင်း ဖြစ်သည်။

ကချင်လွတ်လပ်ရေးတပ် KIA သည် တပ်မတော်နှင့် ၂၀၁၁ ခုနှစ်တွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာခဲ့ပြီး လက်ရှိတွင် အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် NCA တွင် လက်မှတ်ရေးထိုးနိုင်ရေး ဆွေးနွေး နေဆဲဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required