လာမည့် တစ်ပတ်အတွင်း ဘင်္ဂလားပင်လယ်အော်၌ မုန်တိုင်းဖြစ်နိုင်ဟု ဦးထွန်းလွင်ခန့်မှန်း

လာမည့် တစ်ပတ်အတွင်း ဘင်္ဂလားပင်လယ်အော်၌ မုန်တိုင်းဖြစ်နိုင်ဟု ဦးထွန်းလွင်ခန့်မှန်း

ရန်ကုန် ၊ ဧပြီ ၂၃ ။         ။ ဧပြီလ ၂၂ ရက်နေ့မှ ၂၈ ရက်နေ့အတွင်း ဘင်္ဂလားပင်လယ်အော် တောင်ပိုင်း၌ လေဖိအားနည်းရပ်ဝန်းတစ်ခု စတင်ဖြစ်ပေါ်လာနိုင်ပြီး မုန်တိုင်းအဖြစ်သို့ ရောက်ရှိနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဦးထွန်းလွင်က ခန့်မှန်းပြောဆိုထားသည်။

အဆိုပါဖြစ်ပေါ်လာနိုင်မည့် မုန်တိုင်း၏ လမ်းကြောင်းသည် ရခိုင်ပြည်နယ်မြောက်ပိုင်း နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ခြမ်းသို့ ဦးတည်သွားရောက်နိုင်သည်ဟုလည်း ၄င်းကဆိုသည်။

“ဧပြီလ ၂၈ ရက်နေ့အထိ မြန်မာနိုင်ငံမှာ မိုးရွာသွန်းမှု မရှိနိုင်သေးဘဲ ရာသီဥတု ဆက်လက်ပူပြင်း ခြောက်သွေ့နေစေဦးမှာ ဖြစ်ပါတယ်” ဟု ဦးထွန်းလွင်က ဆိုသည်။

 လက်ရှိအခြေအနေတွင် ဘင်္ဂလားပင်လယ်အော်နှင့် တောင်တရုတ်ပင်လယ်ပြင်တို့တွင် မုန်တိုင်းအဖြစ် နည်းနေခြင်းကြောင့်  မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများ ၊ မြစ်ဝကျွန်းပေါ်ဒေသများ ၊ မြေလတ်ဒေသများနှင့် တောင်ပိုင်း ဒေသများ၌ မိုးရွာသွန်းနှုန်း နည်းနေပြီး အပူချိန်မြင့်တက်လျက် ရှိနေသည်။

 ဧပြီလကုန်တွင် ဖြစ်ပေါ်လာနိုင်မည့် မုန်တိုင်းအရှိန်ကြောင့် မြန်မာတစ်နိုင်ငံလုံး၌ မေလဆန်းတွင် မိုးရရှိနိုင်ပြီး အပူရှိန်မြင့်တက်နေမှုများလည်း လျော့နည်းလာနိုင်သည်ဟု ဦးထွန်းလွင်က ခန့်မှန်းပြောဆိုသည်။

 လက်ရှိတွင် ချောက်မြို့အပါအဝင် မြန်မာနိုင်ငံအလယ်ပိုင်းရှိ မြို့ကြီးအချို့တွင် နေ့အပူချိန် မှာ ၄၀ ဒီဂရီစင်တီဂရိတ် အထက်သို့ ကျော်လွန်ရောက်ရှိနေသည်။

 မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဧပြီလ ၂၃ ရက်နေ့အတွက် ထုတ်ပြန်ထားသည့် ထူးခြားသည့် နေ့အပူချိန်များမှာ ချောက်မြို့တွင် ၄၆ ဒီဂရီစင်တီဂရိတ် ၊ မကွေး ၊ အောင်လံ ၊ တောင်တွင်းကြီး ၊ မြင်းခြံ၊ ညောင်ဦးမြို့တို့တွင် ၄၂ ဒီဂရီစင်တီဂရိတ် ၊ ပြည် ၊ ဟင်္သာတ ၊ မှော်ဘီမြို့တို့တွင် ၄၁ ဒီဂရီစင်တီဂရိတ် တို့ဖြစ်သည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly