Reuters သတင်းထောက်နှစ်ဦး၏ ပြစ်ဒဏ်ကို ပြင်ဆင်ပေးရန် အပြီးသတ်လျှောက်လဲချက် ပယ်ချခံရ

Reuters သတင်းထောက်နှစ်ဦး၏ ပြစ်ဒဏ်ကို ပြင်ဆင်ပေးရန် အပြီးသတ်လျှောက်လဲချက် ပယ်ချခံရ
Photo: Ye Aung Thu/AFP

နေပြည်တော်(ဧပြီ ၂၃ရက်၊ ၂၀၁၉ခုနှစ်)။ ။ ထောင်ဒဏ်(၇)နှစ်စီ ချမှတ်ခံထားရသည့် ရိုက်တာသတင်းထောက် နှစ်ဦးတို့အတွက် အမှု ပြင်ဆင်ပေးရန် လျှောက်လဲချက်ကို တရားစီရင်ရေး၏ အမြင့်ဆုံးဖြစ်သော နေပြည်တော် ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးက ယနေ့ ပ,လပ် လိုက်သည်။

 ရိုက်တာသတင်းထောက်နှစ်ဦးဖြစ်သည့် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ နှစ်ဦးကို နိုင်ငံတော်လျှို့ဝှက်ချက် အက် ဥပဒေဖြင့် ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးက ၂၀၁၈ခုနှစ်၊ စက်တင်ဘာ ၃ရက်က ထောင်ဒဏ် ရနှစ်စီ ချမှတ် ခဲ့ခြင်းဖြစ်ပြီး ယင်းပြစ်ဒဏ်ကို ပြင်ဆင်ပေးရန် အပြီးသတ် လျှောက်လဲချက်ကို ပ,လပ် လိုက်ခြင်း ဖြစ်သည်။

“ပြင်ဆင်မှုကို ပ,လပ်လိုက်ပါတယ်။ အောက်ရုံး နှစ်ရုံးရဲ့အမိန့်တွေကို အတည်ပြုလိုက်ပါတယ်။ ပြောရ ရင်တော့ သူတို့ကို ဆက်ပြီးတော့ အပြစ်ပေးတယ်ပေါ့ဗျာ။ မလွတ်ပေးဘူးပေါ့” ဟု သတင်းထောက်နှစ်ဦး၏ ရှေ့နေဖြစ်သူ ဦးခင်မောင်ဇော်က ပြောကြားသည်။

 ရိုက်တာသတင်းထောက်နှစ်ဦး လွတ်မြောက်ရန်အတွက် အကောင်းဆုံး လုပ်ဆောင်ခဲ့ပြီးဖြစ်ကာ ရှေ့ဆက်၍ လည်း ဥပဒေလမ်းကြောင်းအတိုင်း ဆက်လက်လုပ်ဆောင်သွားမည်ဟု ပြစ်ဒစ်ချမှတ်ခံထားရသည့် သတင်းထောက်နှစ်ဦး၏ ရှေ့နေက ပြောဆိုသည်။

“အခု အဆုံးအဖြတ်နဲ့ ပတ်သက်လို့ စိတ်ပျက်တယ်ဆိုတာကို ပြောချင်တယ်။ ဒါဟာ မြန်မာနိုင်ငံရဲ့ တရား စီရင်ရေးလွတ်လပ်ခွင့်ကိုရော၊ နောက် မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာကိုလည်း ထိခိုက်စေတယ်” ဟု ဦးခင်မောင်ဇော်က ပြောသည်။

 ပြင်ဆင်ချက် လျှောက်လဲချက်အပေါ် အမိန့်ချမှတ်သည့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးသို့ ကိုဝလုံး၏ ဇနီး မပန်းအိနှင့် ကိုကျော်စိုးဦး၏ ဇနီး မချစ်စုတို့လည်း လာရောက် နားထောင်ခဲ့သည်။

 မပန်းအိက “ဒီနေ့ အကောင်းဆုံးကို မျှော်လင့်ပြီး မျှော်လင့်ချက်နဲ့ လာခဲ့တာ။ ဒီနေ့ ဆုံးဖြတ်ချက်အပေါ်မှာ စိတ်မကောင်းဖြစ်ရတာပေါ့နော်။ ဝမ်းလည်းနည်းတယ်” ဟု တရားလွှတ်တော်ချုပ်ရုံးမှ ပြန်အထွက်တွင် မဇ္ဈိမ၏ မေးမြန်းမှုကို ဖြေကြားသည်။

ရိုက်တာ သတင်းထောက်နှစ်ဦးသည် ရဲတပ်ဖွဲ့ဘက်မှ ချိန်းဆိုမှုကြောင့် သွားရောက်တွေ့ဆုံပြီး အပြန်လမ်းတွင် ရခိုင်ပြည်နယ်၊ မြောက်ပိုင်း ဖြစ်စဉ်များနှင့်ပတ်သက်သည့် စာရွက်စာတမ်းများ လက်ဝယ်တွေ့ရှိမှုဖြင့် ရန်ကုန် တိုင်း၊ ထောက်ကြန့်နယ်မြေရဲစခန်းတွင် ၂၀၁ရခုနှစ်၊ ဒီဇင်ဘာ ၁၂ရက် ညပိုင်းက ဖမ်းဆီးခံခဲ့ပြီးနောက် ထောင်ဒဏ် ရနှစ် ချမှတ်ခံခဲ့ရခြင်း ဖြစ်သည်။

ကိုကျော်စိုးဦး၏ ဇနီးဖြစ်သူ မချစ်စုကလည်း “သူတို့နှစ်ယောက် လွတ်ဖို့အတွက်ကို မျှော်လင့်ထားတာလေ။ မျှော်လင့်ထားတဲ့အတိုင်း မဖြစ်တဲ့အတွက် စိတ်မကောင်းဖြစ်ရတယ်။ သူ(ကျော်စိုးဦး)ဆိုလည်း မျှော်လင့်ထား တာပဲ။ မျှော်လင့်ထားတဲ့အတိုင်း မဖြစ်တဲ့အတွက် အရမ်း စိတ်ထိခိုက်ရတယ်” ဟု ပြည်ထောင်စုတရား လွှတ်တော်ချုပ်ရုံးမှ ပြန်အထွက်တွင် မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားသွားသည်။

 ယခုလ ၁ရရက်၊ မြန်မာနှစ်ဆန်းတစ်ရက်တွင် သမ္မတဦးဝင်းမြင့်က မြန်မာနိုင်ငံအသီးသီးရှိ အကျဉ်းထောင် များတွင် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသားဦးရေ ကိုးထောင်ကျော်ကို ပြန်လွတ်ပေးခဲ့ရာ ထိုအထဲတွင် ရိုက်တာသတင်းထောက်နှစ်ဦး မပါဝင်ခဲ့ပေ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly