ဖျက်ဆီးခံရသောမြန်မာဆန်များကိစ္စ သင်္ဘောကုမ္ပဏီတွင် တာဝန်ရှိကြောင်း ဆန်စပါးအသင်းချုပ် ဒုဥက္ကဋ္ဌ ပြော

ဖျက်ဆီးခံရသောမြန်မာဆန်များကိစ္စ သင်္ဘောကုမ္ပဏီတွင် တာဝန်ရှိကြောင်း ဆန်စပါးအသင်းချုပ် ဒုဥက္ကဋ္ဌ ပြော
ဓာတ်ပုံ - LYNN BO BO/EPA

ဧပြီ ၂၂၊ ရန်ကုန် ။        ။ အိုင်ဗရီကို့စ်တွင် မြန်မာဆန်များ ဖျက်ဆီးခဲ့ခြင်း ပတ်သက်ပြီး သယ်ယူသည့် သင်္ဘောကုမ္ပဏီဘက်မှသာ တာဝန်ရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဒုဥက္ကဋ္ဌ ဦးအောင်သန်းဦးက ပြောသည်။

အာဖရိကနိုင်ငံတစ်နိုင်ငံဖြစ်သော အိုင်ဗရီကို့စ်တွင် မြန်မာနိုင်ငံမှ တင်ပို့သော ဆန်တန်ချိန် ၁၈ဝဝဝ ကို စားသုံးရန်မသင့်ဟုဆိုကာ ဧပြီ ၁၇ နေ့က ဖျက်ဆီးခဲ့ခြင်းအပေါ် ဧပြီ ၂၂ ရက်နေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး ပြောဆိုလိုက်ခြင်း ဖြစ်သည်။

"ထူးခြားချက်ကတော့ ဒီသင်္ဘောသည် ဟောင်းနွမ်းပြီးတော့ အိုနေတယ်။ သူတို့ နောက်လှည့်ပြီးတော့ ပြင်ရမယ့်အခြေအနေ ရှိတယ်။ ဒုတိယအချက်က အဲ့ဒီသင်္ဘောတင်ချိန်မှာပဲ ရုတ်တရက် မိုးရွာချလိုက်တယ်။ ၂၂ဝဝဝ ရဲ့ လေးပုံသုံးပုံ တင်ပြီးချိန်မှာပဲ ၇ မိနစ်လောက် မိုးမိခဲ့တယ်။ မိုးမိတဲ့ဆန်တွေကို ဒီတိုင်း တင်သွားသလား။ ဒါကြောင့်မို့ ဒီလိုဖြစ်စဉ်သည် ကျွန်တော်တို့ မြန်မာနိုင်ငံက Buyer ကို ရောင်းတဲ့သူ အနေနဲ့ရော၊ နိုင်ငံအနေနဲ့ရော လုံးဝ ကျွန်တော်တို့မှာ တာဝန် မရှိဘူး။ ဝယ်ယူသူဘက်က၊ သင်္ဘောဘက်က တာဝန် ရှိပါတယ်" ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးအောင်သန်းဦးက ပြောသည်။

အဆိုပါဆန်များကို မြန်မာနိုင်ငံက FOB (Free on board) စနစ်ဖြင့် တင်ပို့ခဲ့သောကြောင့် ဝယ်ယူသူဘက်က သာ တာဝန်ရှိကြောင်း၊ အဆိုပါဆန်များ ပျက်စီးမှုမှာ အချိန်ကြာမြင့်စွာ သိုလှောင်မှုကြောင့် ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူများက ဆိုသည်။  

ယင်းသတင်းကြောင့် မြန်မာ့ဆန်စပါး Industry အတွက် ရိုက်ခတ်မှုများ ဖြစ်စေခဲ့သောကြောင့် တာဝန်ရှိသူကို စုံစမ်းပြီး မကြာခင် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုဥက္ကဋ္ဌက ဆိုသည်။

" ဒီ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး မြန်မာဆန် ဖျက်စီးခံရတယ်ဆိုတဲ့သတင်းက ကျွန်တော်တို့နိုင်ငံအတွက် အင်မတန် ထိခိုက်တယ်။ အထူးသဖြင့် ကျွန်တော်တို့ ဆန်စပါး Industry တစ်ခုလုံးကို လာရိုက်ခတ်စေတယ်။ ဒါကြောင့်မို့ ဒါနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ သက်ဆိုင်ရာ ဝယ်ယူသွားတဲ့၊ ဖျက်ဆီးလိုက်တဲ့၊ တာဝန်ခံလိုက်တဲ့ ပုဂ္ဂိုလ်တွေရဲ့ ထွက်ဆိုချက်ကို ကျွန်တော်တို့ ရယူဖို့ ကြိုးစားနေပါတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ ဆန်စျေးကွက် ကို ထိခိုက်မှုရှိစေတာ ဘယ်သူ့မှာ တာဝန်ရှိဆိုတာ ကျွန်တော်တို့ တွေ့ဆုံပြီး မကြာခင်မှာ ထုတ်ပြန်ပေးသွားမှာပါ " ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌက ပြောသည်။

ထိုသို့ ထိခိုက်မှုများဖြစ်စေခဲ့သောကြောင့် မြန်မာနိုင်ငံဆန်စပါးအဖွဲ့ချုပ်( MRF) အနေဖြင့် ဆန်တင်ပို့သူများ၊ စစ်ဆေးသော Agency များနှင့် သက်ဆိုင်သော အဖွဲ့အစည်းများပါဝင်သော အစည်းအဝေးကို ပြုလုပ်ပြီး ဖြေရှင်းမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆန်ဖျက်ဆီးမှုသတင်းမှာ အာဖရိကနိုင်ငံအပါအဝင် တစ်ခြားနိုင်ငံများထက် မြန်မာနိုင်ငံအတွက် သက်ရောက်မှုကြီးကြီးမားမားဖြစ်နေသောကြောင့် ရှင်းလင်းရခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ဧပြီ ၂၂ ရက်နေ့က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required