သတ္တမအကြိမ်မြောက် ဖွံ့ဖြိုးရေး လူငယ်များတွေ့ဆုံနှီးနှောဖလှယ်ပွဲပြုလုပ်

သတ္တမအကြိမ်မြောက် ဖွံ့ဖြိုးရေး လူငယ်များတွေ့ဆုံနှီးနှောဖလှယ်ပွဲပြုလုပ်

မုဒုံ၊ ဧပြီ ၅ ။         ။ သတ္တမအကြိမ်မြောက် ဖွံ့ဖြိုးရေးလူငယ်များတွေ့ဆုံနှီးနှောဖလှယ်ပွဲကို မွန်ပြည်နယ် မုဒုံမြို့ရှိ အ.ထ.က ကမာဝက်ကျောင်းတွင် ပြုလုပ်ခဲ့ပါတယ်။

 အဆိုပါပွဲကို act:onaid နှင့် European Union တို့က ဦးဆောင်ပြီး ရပ်ရွာဖွံ့ဖြိုးရေးနှင့် လူငယ်များ တိုးတက် စေရေး ငြိမ်းချမ်းရေးနှင့် ရွေးကောက်ပွဲဖြစ်စဉ်တွေမှာ လူငယ်တွေပါဝင်နိုင်ရေးအတွက် ရည်ရွယ်ကာ ပြုလုပ် ရခြင်းဖြစ်တယ်လို့သိရပါတယ်။

 "ဒီပွဲကိုလာတာကတော့ ကျွန်တော်တို့လုပ်ဆောင်ခဲ့တဲ့ဟာတွေကို ဒီမှာလာပြီးတော့ ဖလှယ်ကြမယ်ပေါ့နော်။ မြန်မာပြည်မှာရှိနေတဲ့ဖွံ့ဖြိုးရေးလူငယ်အားလုံး ဒီမှာလာပြီးတော့ သူတို့လုပ်ဆောင်တဲ့ဟာတွေလည်း ကျွန်တော် တို့က သင်ယူမယ်ပေါ့။ ကိုယ်လုပ်ဆောင်ထားတဲ့ဟာထဲက ကောင်းတာရှိလည်းသူများကိုပေးမယ်။ သူများ လုပ်ဆောင်ချက်ကကောင်းရင်လည်း မတူညီတဲ့ဟာတွေကို ကိုယ့်ဒေသမှာပြန်ပြီးတော့ လုပ်ဖို့ရာရှိပါတယ် " လို့ ကယားပြည်နယ်တွင် နေထိုင်သော စောနေဖောကပြောပါတယ်။

 
Fellow လို့ခေါ်ဆိုတဲ့   ဖွံ႔ဖြိုးတိုးတက်ရေး လူငယ်တွေဟာ ကိုယ့်ရဲ့ရပ်ရွာမှာ လူ့အခွင့်အရေး၊ ကျား/မ တန်းတူ ရေး၊ မသန်စွမ်းအရေး အစရှိတာတွေကို လူထုတွေပိုသိအောင် ဗဟုသုတတွေကို မျှဝေပေးနေကြတဲ့ သူတွေ လည်း ဖြစ်ပါတယ်။

 ပထမနေ့ ဧပြီ ၅ ရက်နေ့မှာတော့ မြန်မာ့လူငယ့်ရေးရာမူဝါဒ ဖြစ်ပေါ်လာပုံ၊ ရည်ရွယ်ချက်နှင့် လက်ရှိအခြေ အနေအကြောင်းတွေကို ရှင်းလင်းဆွေးနွေးခဲ့ပါတယ်။

 ဒါ့အပြင်မှာ အဆိုပါမူဝါဒကို ပညာရေး၊ ကျန်းမာရေး၊ မူးယစ်ဆေးဝါး၊ အားကစား၊ စီးပွားရေး၊ နိုင်ငံရေး၊ စာပေ အနုပညာနဲ့ ယဉ်ကျေးမှု၊ သုတေသန၊ သိပ္ပံနှင့် နည်းပညာ၊ သံယံဇာတနဲ့ သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေး၊ ငြိမ်းချမ်းရေးနှင့် ဘဝလုံခြုံရေး၊ကျား/မ ညီမျှမှု၊ လူ့အခွင့်အရေးနဲ့ နိုင်ငံတကာဆက်ဆံရေးတို့ကိုလည်း ကျောင်းသားလူငယ်များက ကဏ္ဍအလိုက် အမြင်ချင်းဖလှယ်ခဲ့ကြပါတယ်။

 " အရပ်ဖက်အဖွဲ့အစည်းတွေ CSO တွေလည်းရှိကြပါတယ်။ Fellow လူငယ်အယောက် ၈၀၀ လောက် လည်း တိုင်းနဲ့ပြည်နယ်အသီးသီးကရောက်နေကြပါတယ်။ ဒီနေ့ ၃ ရက်တာကာလတွေ့ဆုံပွဲဟာတော့ သူတို့ရဲ့ တိုင်း ရင်းသားလူငယ်အချင်းချင်းတွေ ဒီမှာပေါင်းစည်းညီညွတ်မှုတွေနဲ့ပက်သက်ပြီးတော့ သူတို့တွေ ဆွေးနွေး နိုင်တဲ့နေရာတစ်ခုအဖြစ်ရှိနေပါတယ် " လို့ Action AID Myanmar အဖွဲ့ရဲ့ Country Director ဖြစ်သူ ARADDMYA MEHTTA ကပြောပါတယ်။

 ဆွေးနွေးပွဲ ဒုတိယနေ့မှာတော့ လူငယ်နဲ့ နိုင်ငံအနာဂတ်၊ ငြိမ်းချမ်းရေးတို့ကို သီးခြားခွဲထုတ် ဆွေးနွေးသွားဖို့ ရှိတယ်လို့လည်းဆိုပါတယ်။

 သတ္တမအကြိမ်မြောက် ဖွံ့ဖြိုးရေး လူငယ်များတွေ့ဆုံနှီးနှောဖလှယ်ပွဲကို ဧပြီ ၅ ရက်မှ ၇ ရက်နေ့ထိ အ.ထ.က ကမာဝက်ရှိ  ရွှေစင်ညီလာခန်းမတွင် ပြုလုပ်သွားမည်လည်းဖြစ်ပါတယ်။ ဒီပွဲကို မြန်မာနိုင်ငံတစ်ဝှမ်းမှ ပြည်နယ် အသီးသီးက လူငယ်ရေးရာကော်မတီဝင်တွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေ၊ အစိုးရတာဝန်ရှိသူတွေ၊ ရပ်မိရပ်ဖ တွေနဲ့ စိတ်ဝင်စားတဲ့လူငယ်တွေလည်း တက်ရောက်ခဲ့ပါတယ်။
    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly