NLD အစိုးရသက်တမ်း သုံးနှစ်အတွင်း တရားမဝင် သစ်တန်ချိန် တစ်သိန်းလေးသောင်းကျော် ဖမ်းမိ

NLD အစိုးရသက်တမ်း သုံးနှစ်အတွင်း တရားမဝင် သစ်တန်ချိန် တစ်သိန်းလေးသောင်းကျော် ဖမ်းမိ
 ဓာတ်ပုံ - သစ်တောဦးစီးဌာန

နေပြည်တော်(ဧပြီ၅ရက်၊ ၂၀၁၉ခုနှစ်)။     ။ လက်ရှိ အစိုးရသက်တမ်းကာလ သုံးနှစ်အတွင်း တရားမဝင် သစ်တန်ချိန်ပေါင်း တစ်သိန်းခွဲနီးပါး ဖမ်းဆီးရမိခဲ့သည်ဟု သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင်က ပြောကြားသည်။

 “လက်ရှိ အစိုးရရဲ့ သုံးနှစ်တာ ကာလအတွင်းမှာ စုစုပေါင်း သစ်မျိုးစုံ တစ်သိန်းလေးသောင်း သုံးထောင် (၁၄၃၀၀၀)ကျော် ဖမ်းဆီးရမိခဲ့ပြီးတော့ တရားခံစုစုပေါင်း ၂၀၈၃၄ယောက်၊ ယာဉ်/ယန္တယား ၉၄၆ဝနဲ့ ချိန်းဆော ၁၁၆၃ခုကို ဖမ်းဆီးရမိခဲ့ပါတယ်” ဟု ဦးကျော်ကျော်လွင်က ပြောသည်။

နေပြည်တော်ရှိ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ရုံးအမှတ် ၂၈တွင် ဧပြီလ ၄ရက်က ပြုလုပ်သည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောကဏ္ဍ သတင်းထုတ်ပြန်သည့် အခမ်း အနားတွင် ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

တရားမဝင်သစ်များကို ဖမ်းဆီးရာတွင် သစ်တောဦးစီးဌာနတွွင် ဝန်ထမ်းအင်အား နည်းပါးနေပြီး ကြိုးဝိုင်း မြေ ကာကွယ်တောနှင့် သဘာဝနယ်မြေ အပိုင်းအခြားအလိုက် ဝန်ထမ်းတစ်ဦးလျှင် ဧက ကိုးထောင်ကျော်ကို တာဝန်ယူထိန်းသိမ်းနေရသည်ဟု ဦးကျော်ကျော်လွင်က ဆက်လက်ပြောကြားသည်။

“ကျွန်တော်တို့ရဲ့နည်းပါးလှတဲ့ ဝန်ထမ်းအခက်အခဲကြောင့် ရန်သူမှ ပြန်တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်များလည်း ရှိခဲ့ပါတယ်” ဟု ၎င်းက ဆိုသည်။

ဝန်ကြီးဌာန၏ စာရင်းများအရ နှစ်ပေါင်းနှစ်ဆယ်ကျော်အတွင်း ရန်သူတိုက်ခိုက်ခံရမှုကြောင့် သေဆုံးခဲ့ရသည့် ဝန်ထမ်း ၈ဦးရှိပြီး ၎င်းတို့အထဲတွင် လက်ထောက် ညွှန်ကြားရေးမှူး ၃ဦး ပါဝင်သည်။ ထို့ပြင် တိုက်ခိုက်ခံရမှု ကြောင့် အမှုထမ်း ၄ရဦးလည်း ဒဏ်ရာရရှိခဲ့သေးသည်။

ထို့ကြောင့် တရားမဝင် သစ်မှောင်ခိုများကို ဖမ်းဆီးရန် သစ်တောဦးစီးဌာန၊ သစ်တောရဲတပ်ဖွဲ့သာမက ပြည်သူများကပါ သတင်းပေးပို့ကြပါရန် ၂၀၁ရခုနှစ်၊ စက်တင်ဘာလအတွင်းက ဖိတ်ခေါ်ခဲ့သည်။

 “၂၀၁ရခုနှစ်၊ စက်တင်ဘာလကနေ ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလကုန်အထိ သစ်တန်ချိန်စုစုပေါင်း ၈၄၃၂တန်ကို တရားခံ ၁၀၇၆ဦး၊ ယာဉ်/ယန္တယား ၅၃ဝစီးနဲ့ ချိန်းဆော ၅၁လက်ကို ပြည်သူများရဲ့ သတင်းပေးပို့မှုအရ ဖမ်းဆီး ရမိခဲ့ပါတယ်” ဟု ဦးကျော်ကျော်လွင်က ပြောဆိုသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required