ရခိုင်အရေး လူ့အခွင့်အရေးချိုးဖောက်မှုများကို သက်သေခံပေးရန် တပ်မတော် တောင်းဆို

ရခိုင်အရေး လူ့အခွင့်အရေးချိုးဖောက်မှုများကို သက်သေခံပေးရန် တပ်မတော် တောင်းဆို
ဓာတ်ပုံ-ဇေယျာမော်

ရန်ကုန် ၊ ဧပြီ ၃ ။            ။ ၂၀၁၇ ခုနှစ် သြဂုတ်လအတွင်းက ရခိုင်ပြည်နယ်မောင်တောဒေသ၌  ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုဖြစ်စဉ်များ နောက်ပိုင်း နယ်မြေရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့သည့် တပ်မတော်၏ ဆောင်ရွက်မှုများ နှင့် ပတ်သက်ပြီး ခိုင်လုံသည့် သက်သေ အထောက်အထားများကို စုံစမ်းစစ်ဆေးရေး ခုံရုံးအဖွဲ့သို့ ပေးပို့ရန် တပ်မတော်က တောင်းဆိုလိုက်သည်။

“ဖြစ်စဉ်များနှင့် စပ်ဆိုင်သော သက်သေခံချက်များ၊ မှတ်တမ်းဓာတ်ပုံ၊ အထောက်အထား၊ အသံဖိုင်၊ ဗွီဒီယိုဖိုင် အစရှိသည်တို့ကို စုံစမ်းစစ်ဆေးရေးခုံရုံးက စိစစ်ဆောင်ရွက် နိုင်ရန်အတွက် ပေးပို့တင်ပြကြပါရန် စုံစမ်း စစ်ဆေးရေး ခုံရုံးအဖွဲ့က ဖိတ်ခေါ်ပါသည်” ဟု တပ်မတော်က တောင်းဆိုခဲ့ခြင်းဖြစ်သည်။

 ယင်းအတွက်ကြောင့် သက်သေအချက်အလက်များ ပေးပို့လိုသူ အနေဖြင့် အမည်၊ လိပ်စာ ၊ ဖုန်းနံပါတ်၊ အီးမေးလ် ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား(သို့) သက်သေခံကတ်ပြား မိတ္တူ အပါအဝင် ဖြစ်စဉ်နှင့် သက်ဆိုင် သည့် ခိုင်လုံသော သက်သေအထောက်အထား ၊ စာရွက်စာတမ်းများ ၊ ဗွီဒီယိုဖိုင် ၊ အသံဖိုင် ၊ ဓါတ်ပုံများကို [email protected] သို့ လည်းကောင်း  အုပ်ချုပ်မှုဌာန၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်၊ ဇေယျာသီရိမြို့နယ်၊ နေပြည်တော် နှင့် စစ်ဗျူဟာအဖွဲ့ (အခြေချ) (ဘူးသီးတောင်)၊ ဘူးသီးတောင်မြို့ သို့ ပေးပို့နိုင်သည်ဟု တပ်မတော်က ထုတ်ပြန်ထားသည်။

 သတင်းပေးပို့သူများအနေဖြင့် ခိုင်လုံမှုရှိစေရန် လိုအပ်ပါက စုံစမ်းစစ်ဆေးရေးခုံရုံးမှ ခေါ်ယူတွေ့ဆုံမှုကိုလည်း ခံယူရမည်ဟု တပ်မတော်ဘက်ကဆိုသည်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်မှ လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်ခဲ့သည်ဟု နိုင်ငံတကာ အဖွဲ့အစည်းများ ဖြစ်သည့် Human Rights Watch အဖွဲ့၊ Amnesty International အဖွဲ့နှင့် ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ Fact Finding Mission တို့က အစီရင်ခံစာများ အသီးသီးထုတ်ပြန်ထားသည်။

 အဆိုပါကိစ္စရပ်များနှင့်ပတ်သက်ပြီး အဖွဲ့အစည်းအသီးသီးက ထွက်ရှိထားသည့် အစီရင်ခံစာများကို ထပ်မံစိစစ် အတည်ပြုရန် စုံစမ်းစစ်ဆေးရေးခုံရုံးအဖွဲ့ကို တပ်မတော်က မတ်လ ၁၈ ရက်က စတင်ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းစဉ် များ ဆောင်ရွက်နေသည်ဟု သတင်းထုတ်ပြန်ထားသည်။

 ၂၀၁၇ တိုက်ခိုက်မှုများအပြီး တပ်မတော်မှ နယ်မြေရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် ဘင်္ဂါလီများ အပေါ် လူမျိုးတုန်းသတ်ဖြတ်မှုများ ကျူးလွန်ခဲ့သည်ဟု စွပ်စွဲမှုများလည်း ရှိနေခဲ့သည်။ ယင်းစွပ်စွဲချက် များနှင့် ပတ်သက်ပြီး ခိုင်လုံသည့် သက်သေအထောက်အထားများနှင့် တိုင်ကြားနိုင်သည်ဟု အစိုးရနှင့် တပ်မတော် ဘက်မှ အစဉ်တစိုက်ပြောဆိုထားသည်။

 ယင်းသို့ နယ်မြေရှင်းလင်းရေးလုပ်ငန်းများကြောင့် ဘင်္ဂါလီအမြောက်အများ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ထွက်ပြေးသွားခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းရှိ ဒုက္ခသည်စခန်းများတွင် လက်ရှိအချိန်အထိ နေထိုင်နေဆဲ ဖြစ်သည်။

အဆိုပါဒုက္ခသည်များ နေရပ်ပြန်လာရေးနှင့်ပတ်သက်ပြီး မြန်မာ- ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား သဘော တူညီမှု ရရှိခဲ့သော်လည်း လက်ရှိအချိန်အထိ ပြန်လည်ဝင်ရောက်လာခြင်းမရှိသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly