ဆယ်ကျော်သက်ကောင်လေးတွေ ဆံပင်ကျွတ်ရခြင်း တရားခံ

ဆယ်ကျော်သက်ကောင်လေးတွေ ဆံပင်ကျွတ်ရခြင်း တရားခံ

ရေးသားသူ Ye Myo Myat

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

အသက်ကြီးတဲ့ အမျိုးသားတွေမှာ ထိပ်ပြောင်တာ အတွေ့များပေမယ့် ဆယ်ကျော်သက်ကောင်လေးတွေမှာ ဆံပင်မကြာခဏ ကျွတ်တဲ့ ပြဿနာတွေ ကြုံလာတတ်ပါတယ်။ အဓိကတရားခံကတော့ ဆံပင်ဆေးဆိုးတာ၊ ဆံပင်ဖြောင့်တာ၊ ကောက်တာ၊ ဆံပင်ပုံသွင်းတဲ့ ပစ္စည်းတွေ အသုံးများတာအပြင် တခြားသော နေထိုင်မှုပုံစံ၊ အလေ့အကျင့်တွေကြောင့် ဆံပင်မကြာခဏ ကျွတ်နိုင်ပါတယ်။

ကံကောင်းစွာနဲ့ပဲ ထိပ်ပြောင်ခြင်းမဟုတ်တဲ့ ဆံပင်ကျွတ်တဲ့ ပြဿနာကို အလွယ်တကူကုသလို့ ရသလို ကိုယ့်ရဲ့ နေပုံထိုင်ပုံကို ပြုပြင်ပြောင်းလဲလိုက်ရင်လည်း ဆံပင်တွေ ပုံမှန်အတိုင်း ပြန်ပေါက်လာနိုင်ပါတယ်။ ဒီလိုအကြောင်းရင်းတွေကြောင့် မဟုတ်ပဲ တခြား ငုပ်နေတဲ့ ရောဂါအခံတွေ၊ သောက်နေရတဲ့ ဆေးဝါးတွေကြောင့်လည်း ဆံပင်ကျွတ်နိုင်ပါတယ်။
ပုံမှန်အတိုင်း ဆံပင်ကျွတ်ခြင်း

ဆံပင်ကျွတ်တယ်ဆိုတာ ပုံမှန် ကိုယ်ခန္ဓာရဲ့ ဇီဝကမ္မ ပြောင်းလဲမှု ဖြစ်စဉ်တွေထဲက တစ်ခုပါပဲ။ ပုံမှန်အားဖြင့် ဆံပင်တွေဟာ တစ်လကို တစ်စင်တီမီတာခန့် ရှည်တတ်ပြီး ၂နှစ်မှ ၃နှစ်ထိ ရှည်လျားနိုင်ပါတယ်။ ဒါ့အပြင် ဆံပင်တွေမှာလည်း အရှည်မြန်တဲ့ ဆံပင်တွေရှိသလို ပေါက်တာ နှေးတဲ့ ဆံသားတွေလည်း ရှိနိုင်ပါတယ်။

ဦးရေပြားရဲ့ ၉ဝရာခိုင်နှုန်းမှာ ဆံပင်ပုံမှန်အတိုင်း ရှည်ထွက်လာတတ်ပြီး ကျန်တဲ့ ၁ဝရာခိုင်နှုန်းမှာ ၃လ မှ ၄လ အထိ မရှည်ပဲ နဂိုအတိုင်း ရှိနေနိုင်ပါတယ်။ သူ့ရဲ့ သက်တမ်းကုန်သွားတဲ့အခါမှာ ဆံပင်ဟာ ကျွတ်သွားပြီး နောက်ဆံပင်အသစ်ပြန်ပေါက်ဖို့အတွက် နေရာပေးလိုက်ပါတယ်။ ဒီလို ပုံမှန်ဖြစ်စဉ်ကြောင့် ကျား၊ မ မရွေး တစ်နေ့ကို ဆံပင် ၅၀ ကနေ ၁၀၀ ထိ နေ့စဉ်ကျွတ်နိုင်ပါတယ်။
စောစီးစွာ ထိပ်ပြောင်ခြင်း

အသက်အရွယ် ကြီးလာတဲ့အခါမှာ အမျိုးသားအများစုဟာ ထိပ်ပြောင်တဲ့ လက္ခဏာကို စတင်တွေ့ကြုံရပါတယ်။ ဟော်မုန်းအပြောင်းအလဲ၊ ထိပ်ပြောင်တဲ့ မျိုးရိုးဗီဇလိုက်တဲ့ ဆယ်ကျော်သက် ကောင်လေးတွေ၊ လူငယ်လူရွယ်တွေမှာလည်း စောစီးစွာ ထိပ်ပြောင်တတ်တဲ့ လက္ခဏာတွေ ဖြစ်တဲ့ နဖူးထိပ်နားကနေ ဆံပင်တွေ ပါးလာတာ၊ နဖူးဆံစပ်ကနေ ဆံပင်တွေ နောက်ပြန်ကျတာ၊ ပြန်မပေါက်တော့တာ အစရှိတဲ့ လက္ခဏာတွေကို တွေ့ရပါတယ်။
ဆံပင်သန်စွမ်းမှု ခေတ္တရပ်တန့်သွားခြင်း

စိတ်ဖိစီးမှု ပြင်းပြင်းထန်ထန် ခံစားရတဲ့အချိန်၊ ခွဲစိတ်ကုသမှုခံယူနေချိန်၊ အဖြစ်အပျက် တစ်စုံတစ်ရာကြောင့် စိတ်တုန်လှုပ်ခြောက်ခြားသွားတဲ့အခါ ဆံပင်သန်စွမ်းမှု၊ ဆံပင်ရှည်တာ ခဏတာ ရပ်တန့််သွားပါတယ်။ ဒီပြဿနာအရင်းခံကြောင့် နောက်ပိုင်း ဆံပင်တွေ အများအပြား ကျွတ်လာတဲ့အခါမှ လူတော်တော်များများက သတိထားမိတတ်ပါတယ်။
အရေပြားမှိုရောဂါ စွဲကပ်ခြင်း

ဦးရေပြားမှာ ပွေးကဲ့သို့ မှိုအရေပြားရောဂါ ကူးစက်ခံရတဲ့အခါမျိုးမှာလည်း ဆံပင်တွေ အကွက်လိုက် ကျွတ်တာမျိုး ဖြစ်နိုင်ပါတယ်။ အရေပြားဆရာဝန်နဲ့ သေချာပြသပြီး သောက်ဆေး၊ လိမ်းဆေး သေချာသုံးစွဲဖို့ လိုအပ်ပါတယ်။ အဓိက မှိုရောဂါကြောင့် ဆံပင်ကျွတ်တာဖြစ်တဲ့အတွက် ဒီပြဿနာ အမြစ်ပြတ်ပျောက်သွားမယ်ဆိုရင် ဆံပင်က ပြန်ပေါက်လာမှာပါ။
ကျန်းမာရေးပြဿနာ

ကိုယ်ခံအားစနစ်ဟာ ဆံသားမွေးညှင်းပေါက်တွေကို တိုက်ခိုက်ခြင်းကြောင့် ဆံပင်ကျွတ်နိုင်ပါတယ်။ ဒီပြဿနာကို ဖြစ်စေတဲ့ အကြောင်းရင်းအတိအကျကိုတော့ လေ့လာနိုင်ခြင်း မရှိသေးပေမယ့် ဆေးဝါးအထောက်အကူနဲ့ ဆံပင်ကျွတ်တာနည်းအောင်၊ ဆံပင်ပြန်ပေါက်လာအောင် ထိန်းထားနိုင်ပါတယ်။
တခြားသော အကြောင်းရင်းတွေ

မကြာခဏ ဆံပင်ဖြောင့်၊ ကောက်၊ ပုံသွင်း၊ ဆေးဆိုးခြင်း၊ ဆံပင်ထောင်ဖို့ ဓာတုဗေဒပစ္စည်းတွေ ပါဝင်တဲ့ ဆံပင်ပုံသွင်းဂျယ်လ်၊ ခရင်မ်တွေ အသုံးပြုခြင်း၊ ခေါင်း ခဏခဏ လျှော်ခြင်း သို့မဟုတ် ခေါင်းလုံးဝမလျှော်ပဲ ပစ်ထားခြင်း၊ သံဓာတ်ချို့တဲ့ခြင်း၊ အစာအာဟာရမမျှတခြင်းတို့ကြောင့် ဆံပင်ကျွတ်နိုင်ပါတယ်။
ဘယ်လိုကုသမလဲ။

၁။ ဆယ်ကျော်သက်အရွယ် အမျိုးသားများ ဆံပင်ကျွတ်ခြင်းဟာ ရံဖန်ရံခါ ဖြစ်တတ်တဲ့အတွက် သိပ်ပြီးတော့ စိုးရိမ်စရာမရှိပါဘူး။ ပရိုတင်းဓာတ်၊ သံဓာတ်များတဲ့ အစားအစာတွေ၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေ စုံလင်အောင် စားပေးဖို့တော့ လိုပါတယ်။

၂။ ကိုယ့်ရဲ့ ဆံပင်ကို ထိခိုက်ပျက်စီးစေတဲ့ အပြုအမူမျိုးတွေ၊ အလေ့အကျင့်တွေကို ရှောင်ပေးပါ။ မရှောင်နိုင်ဘူးဆိုရင်လည်း ဆံသားကို ပြန်လည်ထိန်းသိမ်းပြုပြင်မှုတွေ ပြုလုပ်ပေးပါ။

၃။ ဆံသားနဲ့ ဦးရေပြားကို အပူဖြင့် ပုံသွင်းတာမျိုး တတ်နိုင်သလောက် ရှောင်ပေးပါ။

၄။ ဆံပင်ကျွတ်တာ အရမ်းကြာတဲ့အထိအောင် လုံးဝမသက်သာလာဘူးဆိုရင် အရေပြားဆရာဝန်နဲ့ သေချာပြသပြီး ဆံပင်ကျွတ်စေတဲ့ ပြဿနာအရင်းအမြစ်ကို ရှာဖို့ လိုပါတယ်။

၅။ တစ်ပတ်ကို အနည်းဆုံး ၂ကြိမ် ခေါင်းပုံမှန်လျှော်ပေးပါ။ ပူလွန်းတဲ့ရေထက် ရေအေး၊ ရေကျက်နွေးနဲ့ ခေါင်းလျှော်ပေးနိုင်ရင် ပိုကောင်းပါတယ်။ ဆံပင်အခြောက်ခံစက် အသုံးပြုတာထက် ဆံသားကို သေချာခြောက်အောင်သုတ်ပေးပါ။

၆။ စိတ်ဖိစီးမှုတွေ၊ စိတ်ကျန်းမာရေးပြဿနာတွေ ခံစားနေရတယ်ဆိုရင် ကိုယ့်ရဲ့ မိသားစု၊ မိတ်ဆွေတွေနဲ့ တိုင်ပင်ပါ။ စိတ်ရောဂါ ကုထုံးပညာရှင်တွေနဲ့ သေချာတိုင်ပင်ပြီး ဆွေးနွေးကြည့်ပါ။

၇။ ကိုယ်သောက်နေတဲ့ ဆေးတွေကြောင့် ဆံပင်ကျွတ်တာဆိုရင်လည်း ကိုယ့်သဘောနဲ့ ကိုယ်ဆေးရပ်တာမျိုး မလုပ်ပဲ ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး ဆေးပြောင်းသောက်တာမျိုး လုပ်ပေးပါ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly