ပုဒ်မ ၁၄၄ ထုတ်ပြန်ဆိုသည်ကို တရားဝင်ကြားသိရခြင်းမရှိသေးဟု ရခိုင်လွှတ်တော်အမတ်အချို့ ဆို

ပုဒ်မ ၁၄၄ ထုတ်ပြန်ဆိုသည်ကို တရားဝင်ကြားသိရခြင်းမရှိသေးဟု ရခိုင်လွှတ်တော်အမတ်အချို့ ဆို

ဧပြီ ၂၊ ရန်ကုန် ။    ။ ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်နှင့်မြောက်ဦးခရိုင်အတွင်းရှိ မြို့နယ်များကို ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည်ဟု သတင်းများ ထွက်ပေါ်နေသည့်အပေါ် ရခိုင် ဒေသလွှတ်တော်ကိုယ်စားလှယ်အချို့က တရားဝင်ကြားသိရခြင်း မရှိသေးကြောင်း ပြောသည်။

“တရားဝင်တော့ ထုတ်တာ မရှိသေးဘူး။ ကျွန်တော်တို့လည်း သို့လောသို့လောတော့ ကြားမိပါတယ် ပုဒ်မ ၁၄၄ ထုတ်မယ်ဆိုတာဟာကိုလေ။အစိုးရက ၁၄၄ ထုတ်ဖို့အတွက် သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးတွေဆီက ပြန်ပေးပါဆိုပြီးတောင်းတာကိုတော့ မနေ့က သတင်းကြားမိတယ်” ဟု မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က ဆိုသည်။

စစ်တွေခရိုင်အတွင်းရှိ ပုဏ္ဏားကျွန်းမြို့နယ်နှင့်ရသေ့တောင်မြို့နယ်၊မြောက်ဦးခရိုင်အတွင်းရှိ ကျောက်တော်မြို့နယ်၊ မြောက်ဦးမြို့နယ်၊ မင်းပြားမြို့နယ်တို့တွင် ည ၉ နာရီမှ နံနက် ၅ နာရီ အတွင်းသွားလာခြင်းမပြုရ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို ထုတ်ပြန်ရန် တင်ပြလာမှုအား အတည်ပြုထားပြီး ဧပြီ ၂ ရက်မှ စတင်ဆောင်ရွက်မည်ဟု နယ်လုံဝန်ကြီးအမိန့်ဖြင့် စာတစ်စောင် ပျံ့နှံ့နေခြင်း ဖြစ်သည်။

" ကျွန်တော်လည်းအတည်မပြုနိုင်သေးဘူးခင်ဗျ။ လိုင်းပေါ်မှာတော့ တွေ့နေရတယ်" ဟု မြောက်ဦးလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ပြည်နယ်အစိုးရပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်အား ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိပေ။

လက်ရှိအချိန်တွင် AA နှင့်တပ်မတော်ကြား အဆိုပါဒေသများတွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး ဒေသခံ စစ်ရှောင်ဦးရေမှာလည်း တစ်သောင်းကျော်ခန့်ရှိနေပြီဖြစ်သည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသတွင်လည်း ပုဒ်မ ၁၄၄ ထုတ်ပြန်ထားဆဲ ရှိနေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly