မဲရုံ ၁၂၀၀ ခန့်တွင် မဲစာရင်းအမည်မပါ၍ ပြန်သွားရသည့်ဖြစ်စဉ်များရှိခဲ့ဟု PACE အဖွဲ့ထုတ်ပြန်

မဲရုံ ၁၂၀၀ ခန့်တွင် မဲစာရင်းအမည်မပါ၍ ပြန်သွားရသည့်ဖြစ်စဉ်များရှိခဲ့ဟု PACE အဖွဲ့ထုတ်ပြန်

ရန်ကုန်၊ ဧပြီ ၁ ။             ။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးရွေးကောက်ပွဲတွင် မဲစာရင်း၌ အမည်မပါ၍ မဲပေးခွင့် မရဘဲပြန်သွား ခဲ့ရသူ အရေအတွက်မှာ မဲရုံအားလုံး၏ ထက်ဝက်ခန့်ရှိခဲ့ပြီး မဲရုံပေါင်း ၁၂၀၀ နီးပါးတွင်ဖြစ်ပေါ်ခဲ့ကြောင်း ရွေးကောက်ပွဲ ဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့(PACE) မှ ထုတ်ပြန်ပြောဆိုလိုက်သည်။

 ရွေးကောက်ပွဲကျင်းပသည့် မတ်လ ၃၁ ရက်နေ့တွင် မြို့နယ် (၃၃) မြို့နယ်၌ PACE အဖွဲ့မှ  စောင့်ကြည့်သူ ၃၄၈ ဦးဖြင့် လေ့လာစောင့်ကြည့်ရာမှ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

 “ မဲစာရင်းနဲ့ပတ်သက်တာပေါ့။ မဲစာရင်းမှာ နာမည်မပါလို့ ပြန်သွားရတဲ့သူတွေကို ကျွန်တော်တို့မဲရုံ ၅၀ ရာခိုင်နူန်းထက်ဝက်နီးပါးလောက်မှာ ကျွန်တော်တို့ တွေ့ရှိချက်တွေရှိခဲ့ပါတယ်” ဟု PACE အဖွဲ့၏ စီမံကိန်း အစီစဉ်မန်နေဂျာ ကိုဟန်စိုးထွန်း ကပြောသည်။

 “၂၀၁၉ ခုနှစ် ရန်ကုန်မြို့တော်စည်ပင်သာယာရေးရွေးကောက်ပွဲ စောင့်ကြည့်လေ့လာမှု ကနဦးအစီရင်ခံစာ” ထုတ်ပြန်ခဲ့သည့်  PACE အဖွဲ့၏ ရုံးခန်းတွင် ဧပြီ ၁ရက်က သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ပြောဆိုခဲ့ခြင်း ဖြစ်သည်။

 အထက်ပါ မဲရုံများ၏  ၅၀ ရာခိုင်နှုန်းသည် မဲဆန္ဒရှင် (၁) ဦးမှ (၁၀)  ဦးကြားသာ မဲစာရင်းတွင် မပါဝင်၍ ပြန်သွားရခြင်းဖြစ်ပြီး ၄၃ ရာခိုင်နှုန်းသည် မဲစာရင်း၌မပါ၍ ပြန်သွားရသူ မရှိခဲ့ပဲ မဲရုံများ၏ ၆ ရာခိုင်နှုန်းတွင်မူ မဲဆန္ဒရှင် ၁၀ ဦးနှင့်အထက်က ၎င်းတို့၏အမည်မပါ၍ ပြန်သွားခဲ့ရကြောင်းသိရသည်။

အလားတူ မဲရုံ ၁၁ ရာခိုင်နှုန်းတွင် မဲဆန္ဒရှင် (၁) ဦးမှ (၁၀)  ဦးကြားမှာ လျှို့ဝှက်မဲပေးခွင့်မရရှိခဲ့ကြောင်းလည်း PACE အဖွဲ့မှထုတ်ပြန်ခဲ့သည်။

မတ်လ ၃၁ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရွေးကောက်ပွဲတွင် နေရာ ၁ဝ၅ နေရာ၌ ကိုယ်စားလှယ်လောင်း ၂၇၂ ဦးက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်သည်။

ယခုရွေးကောက်ပွဲအတွက် ရန်ကုန်မြို့တွင် မဲပေးခွင့်ရှိသူ ၃ သန်းကျော်ရှိသော်လည်း ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE) ၏ စောင့်ကြည့်သတင်းထုတ်ပြန်ချက်အရ အမှန်တကယ်မဲပေးခဲ့သူ ဦးရေသည် ၁ဝ ရာခိုင်နှုန်း သာရှိသည်ဟုသိရသည်။

ရန်ကုန်စည်ပင်ရွေးကောက်ပွဲတွင် မဲရုံပေါင်း ၂၄၀၀ ခန့်နှင့် မဲပုံးပေါင်း ၉၆၀၀ ခန့်အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly