ရန်ကုန်စည်ပင်ရွေးကောက်ပွဲ ထုတ်ပြန်ပြီး ၂၁ မြို့နယ်တွင် NLD ပါတီဝင် အားလုံးနီးပါးအနိုင်ရ

ရန်ကုန်စည်ပင်ရွေးကောက်ပွဲ ထုတ်ပြန်ပြီး ၂၁ မြို့နယ်တွင် NLD ပါတီဝင် အားလုံးနီးပါးအနိုင်ရ
ဓာတ်ပုံ - သူရ/မဇ္ဈိမ

ရန်ကုန်၊ ဧပြီ ၁ ။           ။ မတ် ၃၁ ရက်နေ့က ကျင်းပပြီးစီးခဲ့ပြီဖြစ်သည့် ရန်ကုန်မြို့တော်စည်ပင်သာယာရွေးကောက်ပွဲတွင် ရွေးကော်မှ ထုတ်ပြန်ထားသည့် စာရင်းများအရ NLD ပါတီဝင် အားလုံးနီးပါး အနိုင်ရရှိနေသည်ကို မဇ္စျိမမှ စိစစ် တွေ့ရှိရသည်။

ရန်ကုန်မြို့ရှိ မြို့နယ် ၃၃ ခုတွင် ဝင်ရောက်ယှဉ်ပြိုင်ကြခြင်းဖြစ်ပြီး ဧပြီ ၁ ရက်နေ့ နေ့ခင်းပိုင်းထိ ၂၁ မြို့နယ် တွင် အနိုင်ရထားသည့် သူများ၏စာရင်းကို ရန်ကုန်မြို့တော်စည်ပင်သာယာရေး ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ထားခြင်းလည်းဖြစ်သည်။

အဆိုပါ မြို့နယ် ၂၁ မြို့နယ်တွင်  မြို့နယ်စည်ပင်ဥက္ကဋ္ဌနေရာအတွက် NLD ပါတီမှ  ၂၀ နေရာအထိ အနိုင် ရရှိထားပြီး၊ မြို့နယ်အဖွဲ့ဝင် (၁) နေရာတွင် ၁၆ နေရာ၊ မြို့နယ်အဖွဲ့ဝင် (၂) တွင် ၁၂ နေရာအထိ အနိုင်ရရှိ ထားခြင်းလည်းဖြစ်သည်။

ကျန်အနိုင်ရရှိသူများမှာ တစ်သီးပုဂ္ဂလအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြခြင်းဖြစ်ပြီး အချို့မြို့နယ်များသည် ယှဉ်ပြိုင်ဘက် အမည်စာရင်း တင်သွင်းထားခြင်း မရှိသည့် နေရာများလည်းဖြစ်သည်။

ထူးခြားချက်အနေဖြင့် အတိုက်အခံအင်အားကြီး ပါတီဖြစ်သည့် USDP ပါတီကိုယ်စားပြုယှဉ်ပြိုင်သူများ အနိုင်ရရှိသည်ကို မတွေ့ ရှိရသေးပေ။

ထို့ကြောင့် မြို့နယ် ၁၂ မြို့နယ်အတွက် မဲအရေအတွက်နှင့် အနိုင်ရရှိသူများစာရင်းကို ထုတ်ပြန်ရန် ကျန်ရှိနေသေးပြီး ဧပြီ ၁ ရက်နေ့ ညနေပိုင်းတွင် ဆက်လက်ကြေညာမည်ဖြစ်ကြောင်းလည်းသိရသည်။

အလားတူ မြို့တော်ကော်မတီဝင်နေရာအတွက် အနိုင်ရရှိသူစာရင်းကိုလည်း ထုတ်ပြန်ခြင်း မရှိသေးသည်ကိုလည်း တွေ့ရသည်။

မြို့တော်ကော်မတီဝင်နေရာသည် ယှဉ်ပြိုင်မှု ပြင်းထန်သည့် နေရာလည်းဖြစ်ပြီး ဒေါ်ထက်ထက်ထွန်း၊ ဦးအောင်ခန့်တို့ ဝင်ရောက် ယှဉ်ပြိုင်ထားခြင်းလည်းဖြစ်သည်။

လက်ရှိ အနိုင်ရစာရင်း ထုတ်ပြန်ထားသည့် မြို့နယ်များမှာ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)၊ ပန်းဘဲတန်း၊ ကြည့်မြင့်တိုင်၊ လမ်းမတော်၊ လသာ၊ ဒဂုံ၊ စမ်းချောင်း၊ အလုံ၊ တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ၊ သင်္ဃန်းကျွန်း ၊ ရန်ကင်း၊ တာမွေ၊ ကမာရွတ်၊ ဗဟန်းနှင့် ဆိပ်ကမ်း မြို့နယ်တို့ဖြစ်သည်။

စည်ပင် ရွေးကောက်ပွဲမှာ NLD ပါတီမှ ၄၂ ဦး၊ USDP ၂၇ ဦးနှင့် တစ်သီးပုဂ္ဂလပါဝင်ယှဉ်ပြိုင်သူ ၂၀၆ ဦး စုစုပေါင်း ကိုယ်စားလှယ်၂၇၅ ဦး တို့ ယှဉ်ပြိုင်ခဲ့ပြီး မတ်လ ၃၁ ရက်နေ့က ရွေးကောက်ပွဲပြုလုပ်ခဲ့ခြင်းဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly