ဖွဲ့စည်းပုံပြင်ရန် တပ်မတော် ဘာကြောင့်မကြိုးပမ်းလဲဟု ဦးမြအေး မေးခွန်းထုတ်

ဖွဲ့စည်းပုံပြင်ရန် တပ်မတော် ဘာကြောင့်မကြိုးပမ်းလဲဟု ဦးမြအေး မေးခွန်းထုတ်

ရန်ကုန်၊ မတ် ၃၀ ။          ။ တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် (NCA) တွင် ပါဝင်သည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် ကိုက်ညီသော ဖွဲ့စည်းပုံတစ်ရပ်ကို ပြင်ဆင်ရန် တပ်မတော်ဘက်မှ မည်သည့်အတွက်ကြောင့် မကြိုးပမ်းပါ သလဲဟု ၈၈ ကျောင်းသားခေါင်းဆောင်ဟောင်းများမှ တစ်ဦးဖြစ်သူ ဦးမြအေး က မေးခွန်းထုတ်လာသည်။

NCA စာချုပ်သည် အစိုးရ အဓိက တာဝန်ရှိသူများအပြင် တပ်မတော်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် လက်မှတ်ရေးထိုးသည့်အတွက် မေးခွန်းထုတ်ပြောဆိုရခြင်းဟု လည်း ၎င်းက ဆိုသည်။

“ ဖက်ဒရယ်လောက်ကို ကျွန်တော်မပြောဘူး။ NCA စာချုပ်ပါအတိုင်း ပြည်ထောင်စုသဘောတူ စာချုပ်မှာပါတဲ့ စကားလုံး၊ NCA စာချုပ်မှာ ပါတဲ့စကားလုံးကို ကျွန်တော်သုံးမယ်။ ဆိုလိုတာက ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုဆိုတာ ပါတယ်။ ဒါက ကာချုပ် (တပ်ချုပ်) ကိုယ်တိုင်လက်မှတ်ထိုးထားတယ်။ အဲဒါနဲ့ ကိုက်ညီတဲ့ဟာ ပြင်ဆင်ဖို့ကို တပ်မတော်က ဘာလို့ မကြိုးပမ်းလဲ “ ဟု ဦးမြအေးက ဆိုသည်။

“ ငြိမ်းချမ်းရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြဿနာ” အမည်ဖြင့်ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲမှ စုစည်းရရှိချက် များကို ထုတ်ပြန်သည့် မတ်လ ၃၀ ရက်နေ့ သတင်းစာရှင်းလင်းပွဲအပြီး ပြောဆိုခဲ့ခြင်းဖြစ်သည်။ ထို ရှင်းလင်းပွဲကို ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ် ၅၁ လမ်းက နေအိမ်တစ်ခုတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ ဥပဒေပြဿနာ မဟုတ်ဘဲ နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာရမည့် ပြဿနာသာ ဖြစ်ကြောင်းလည်း ၎င်းက ထိုရှင်းလင်းပွဲတွင် ပြောသည်။

လက်ရှိတွင် ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီလမ်းကြောင်း၊  ပုဒ်မ ၄၃၅ အရ ပြင်ဆင်ရေးလမ်းကြောင်း၊ ၂၁ ရာစုပင်လုံ သဘောတူညီချက်များမှ တစ်ဆင့် ဖွဲ့စည်းပုံပြင်ဆင်ရေးလမ်းကြောင်းဟူ၍ သွားနေသော လမ်းကြောင်း ၃ ခုဖြင့် သွားနေကြခြင်းဖြစ်ကြောင်းလည်း ဆွေးနွေးပွဲ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

သို့သော် အဆိုပါလမ်းကြောင်း (၃) ခုလုံးသည် ပုဒ်မ ၄၃၆ အရ တပ်မတော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းမှနေ၍ မထောက်ခံပါက ပြင်ဆင်ရန် ခက်ခဲနေသည့် အခြေအနေလည်းဖြစ်သည်။

 “ ကျွန်တော် NLD ပါတီဝင်မဟုတ်ဘူးနော်။ ဒါပေမယ့် NLD ကျတော့ ပြင်ဖို့ လိုလိုလားလားရှိရဲ့လား ဆိုလို့ရှိရင် တပ်မတော်ကရော ဘာဖြစ်လို့ ဆန္ဒမရှိတာလဲ။ ဖက်ဒရယ်နဲ့ ကိုက်ညီတဲ့ ဖွဲ့စည်းပုံပြင်ဖို့ ဘာကြောင့် ဆန္ဒ မရှိတာလဲ။” ဟု ဦးမြအေးက ပြောသည်။

ထို့ကြောင့် ဖွဲ့စည်းပုံပြင်ဆင်နိုင်ရန် ပြည်လုံးကျွတ်ဆန္ဒခံယူခြင်းလမ်းကြောင်း၊ ပြည်သူ့လွှတ်တော်ဥပဒေကို ပြင်ဆင်ပြီး တပ်မတော်သား ကိုယ်စားလှယ်များကို လျော့ချသည့်လမ်းကြောင်း တို့ကိုလည်း အသုံးပြုနိုင်ရန် အကြံပြုခဲ့သည်။

ဆွေးနွေးခဲ့ကြသည့် အဓိကအချက်များမှာ ငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးချက်များ၊ ဖွဲ့စည်းပုံဆိုင်ရာ ဆွေးနွေးချက်များ၊ ဆက်စပ်ကိစ္စရပ်များဆိုင်ရာ ဆွေးနွေးချက်များနှင့် မဟာမိတ်အရေးဆိုင်ရာ ဆွေးနွေးချက်တို့ ဖြစ်သည်။

အဆိုပါဆွေးနွေးပွဲကို မတ်လ ၁၇ ရက်နေ့က အရပ်ဖက်အဖွဲ့အစည်းများအပါအဝင် နိုင်ငံရေးလှုပ်ရှား အဖွဲ့အစည်းအသီးသီးမှ  လူပုဂ္ဂိုလ် ၁၈ ဦးက ရန်ကုန်မြို့တော်ဝင်နှင်း ဆီခန်းမတွင် ဆွေး နွေးခဲ့ကြခြင်းလည်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly