ပုဂ္ဂလိကမီဒီယာများ ရခိုင်ကို သတင်းလာယူရန် AA ဖိတ်ခေါ်

ပုဂ္ဂလိကမီဒီယာများ ရခိုင်ကို သတင်းလာယူရန် AA ဖိတ်ခေါ်
ဓာတ္ပုံ - Arakan Army's Youtube Clip

ရန်ကုန် ၊ မတ် ၃၀ ။    ။ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် ပတ်သက်ပြီး တိကျမှန်ကန်သည့် သတင်းများ ရယူနိုင် ရန် အတွက် ဒေသသို့ လာရောက်ပြီး သတင်းရယူနိုင်သည်ဟု ရက္ခိုင့်တပ် AA က မတ်လ ၂၉ ရက်နေ့ တွင် ထုတ်ပြန်ကြေညာလိုက်သည်။

“ရခိုင်မြေပြင်တွင် ဖြစ်ပျက်နေသော အမှန်တရားများကို စောင့်ကြည့်လေ့လာ သတင်းရယူပေးကြပါရန် ဖိတ်ခေါ်သည့် အပြင် မိမိတို့အနေဖြင့် ပူးပေါင်းဆောင်ရွက်ရန်လည်း အသင့်ရှိနေပါသည်” ဟု AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

ယင်းသို့ ရခိုင်ပြည်နယ်သို့ လာရောက်သတင်းရယူသည့် သတင်းသမားများနှင့် လေ့လာစောင့်ကြည့်သူများ၏ အသက်အန္တရာယ်ကို တစ်စုံတရာ ထိခိုက်မှုမရှိစေရန် အတတ်နိုင်ဆုံး ကာကွယ်စောင့်ရှောက်သွားမည်ဟုလည်း AA ဘက်က ပြောဆိုထားသည်။

သို့သော်လည်း လက်ရှိတွင် ရက္ခိုင့်တပ် AA ကို အစိုးရဘက်က အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထား သောကြောင့် မတရားအသင်းနှင့် ဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇ (၁) ဖြင့်  သတင်းသမားများကို အစိုးရဘက်မှ အချိန်မရွေး ဖမ်းဆီးနိုင်သည့် အခြေအနေရှိနေသည်။

နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေဖြင့် ထောင်ဒဏ် ၇ နှစ်ချမှတ်ခံခဲ့ရသည့် ရိုက်တာသတင်းသမား ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့၏ လက်ကိုင်ဖုန်းထဲတွင် AA ဒု စစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင် ဖုန်းနံပါတ်တွေ့ ရှိခဲ့ခြင်း ကြောင့် ပြစ်မှုမြောက်သည်ဟု အင်းစိန်ခရိုင်တရားသူကြီးက ဆုံးဖြတ်ခဲ့ခြင်းသည်ထင်ရှားသည့် သက်သေ တစ်ခုလည်း ဖြစ်ခဲ့သည်။

ရက္ခိုင့်တပ် AA မှ သတင်းသမားတွေကို လွတ်လပ်စွာ သတင်းရယူနိုင်ကြောင်းထုတ်ပြန်တာ ကြိုဆိုရမှာဖြစ်ပြီး တပ်မတော် ဘက်ကလည်း AA ကဲ့သို့ ထုတ်ပြန်ပေးမည်ဆိုရင် ပိုမိုကောင်းမွန်မည်ဟု အင်တာနယူးစ် မြန်မာ မှ မီဒီယာအကြံပေး ဦးစိန်ဝင်းက သုံးသပ်ပြောဆိုသည်။

“ရခိုင်မှာ သွားပြီး သတင်းယူတဲ့သူတွေ AA နဲ့ ဆက်သွယ်လို့ဆိုရင် ၁၇(၁) နဲ့ နည်းနည်းညှိနိုင်တယ်ဆိုတဲ့ ဟာက ရှိနိုင်သေးတယ်။ အဲ့တော့ နှစ်ဖက်စလုံးက သတင်းသမားတွေ လွတ်လွတ်လပ်လပ် သတင်းယူခွင့်ပြုမှ ဘက်ပေါင်းစုံက သတင်းတွေရမှာဖြစ်ပါတယ်” ဟု ၄င်းကဆိုသည်။

မဇ္စျိမသတင်းဌာနအနေဖြင့် ရခိုင်ပြည်နယ် မြောက်ဦးမြို့သို့ သွားရောက်သတင်းရယူခဲ့သည့် မတ်လ ၁၉ ရက်နေ့မှ ၂၃ ရက်နေ့ ကာလအတွင်း၌ ဒေသတွင်း လုံခြုံမှုအခြေအနေအရ  ဒေသအချို့ကို သွားရောက် သတင်းမရယူ နိုင်ခဲ့သည့် အခြေအနေမျိုးလည်း ရှိနေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly