ခေါင်းကိုက်စေရတဲ့ အကြောင်းအရင်းတွေက ဘာတွေများလဲ

ခေါင်းကိုက်စေရတဲ့ အကြောင်းအရင်းတွေက ဘာတွေများလဲ

ရေးသားသူ Aye Thi Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

ခေါင်းကိုက်တာက အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတွေထဲက တစ်ခုပါ။ လူတော်တော်များများက ခေါင်းကိုက်တာကို သူတို့သက်တမ်းတလျှာက်မှာ မဖြစ်မနေကြုံဖူးကြမှာပါ။ ခေါင်းကိုက်တာက အရွယ်သုံးပါးစလုံး တွေ့ကြုံရနိုင်တဲ့ ကျန်းမာရေးပြဿနာပါ။ အရွယ်ရောက်ပြီးသူတွေရဲ့ ထက်ဝက်နီးပါးလောက်က ခေါင်းကိုက်တဲ့ဝေဒနာကိုခံစားကြရပါတယ်၊လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ရဲ့ စာရင်းဇယားတွေအရ သိရပါတယ်။
ခေါင်းကိုက်ခြင်း

ခေါင်းကိုက်တာက စိတ်ဖိစီးမှုများနေတာ၊ စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်နေတာနဲ့ သောက်သုံးမှီဝဲနေရတဲ့ ဆေးဝါးတွေကြောင့်ဖြစ်နိုင်ပါတယ်။ ဥပမာခေါင်းတစ်ခြမ်းကိုက်နေတာဆိုရင် သွေးတိုးနေတာကြောင့်ဖြစ်နိုင်သလို စိတ်ဓာတ်ကျနေတာ၊ စိုးရိမ်ပူပန်စရာအကြောင်းအရင်းတွေရှိနေတာကြောင့်လည်းဖြစ်နိုင်ပါတယ်။ အလုပ်ခွင်နဲ့ ပညာသင်ယူမှုအပိုင်းမှာ အခက်အခဲကြုံတွေ့နေရတဲ့အခါမျိုးမှာလည်း ခေါင်းကိုက်ဝေဒနာကို ခံစားရနိုင်ပါတယ်။

ခေါင်းကိုက်တယ်ဆိုတာက ဦးခေါင်း ဒါမှမဟုတ် လည်ပင်းပိုင်းတစ်နေရာရာမှာ နာကျင်ထိခိုက်မိတာမျိုးရှိနေတဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။ အရမ်းပြင်းထန်တဲ့ရောဂါတွေရဲ့ လက္ခဏာအနေနဲ့ ခေါင်းကိုက်တာကိုခံစားရတာမျိုးလည်းရှိနိုင်ပါတယ်။ ခဏခဏခေါင်းကိုက်နေရင်တော့ အလုပ်ခွင်မှာရော လူမှုဆက်ဆံရေးမှာပါထိခိုက်တာမျိုးတွေရှိလာနိုင်ပါတယ်။ ဒါကြောင့် ခေါင်းကိုက်တာမျိုးမဖြစ်အောင် ဘယ်လိုနေထိုင်ရမလဲဆိုတာကို သိရှိနိုင်စေဖို့အတွက် ခေါင်းကိုက်ရတဲ့အကြောင်းအရင်းတွေကိုပြောပြပေးချင်ပါတယ်။
ခေါင်းကိုက်ရတဲ့ အကြောင်းအရင်းတွေက

ခေါင်းကိုက်တယ်ဆိုတာက စိတ်ဖိစီးတာရဲ့ လက္ခဏာတစ်ရပ်ဖြစ်နိုင်သလို ကျန်းမာရေးအခြေအနေတစ်ရပ်ကြောင့်ခေါင်းကိုက်တာမျိုးလည်းဖြစ်နိုင်ပါတယ်။ သွေးတိုးတာ၊ စိတ်ဖိစီးတာ နဲ့ စိတ်ပူပန်တာတွေကြောင့်ခေါင်းတစ်ခြမ်းကိုက်တာမျိုး ဖြစ်နိုင်ပါတယ်။
သာမန်ခေါင်းကိုက်ခြင်း

ဒီအချက်တွေကြောင့်ခေါင်းကိုက်နေတာလားဆိုတာကို ဆန်းစစ်ပါ။

    အရမ်းပင်ပန်းတာ
    အိပ်ရေးပျက်တာ
    စိတ်ဖိစီးတာ
    ဆေးဝါးတစ်ခုခုရဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့ ခေါင်းကိုက်တာ
    အစားအသောက်စားသောက်မှုပုံစံမမှန်တာ
    တုပ်ကွေးလိုမျိုး ကူးစက်ရောဂါတစ်မျိုးမျိုးကြောင့် ခေါင်းကိုက်တာ
    ဆူညံသံတွေကြောင့်ခေါင်းကိုက်တာ
    အဖျားရှိနေတာ
    အာသီးရောင်နေတာ
    နားထဲပိုးဝင်တာ
    အရမ်းအေးတဲ့ အစားအသောက်တွေဖြစ်တဲ့ ရေခဲမုန့်၊ အအေးတို့လိုမျိုး အေးတဲ့ အစားအသောက်တွေစားသောက်တာ
    အရက်နဲ့ဝိုင် အပါအဝင် အယ်လ်ကိုဟောပါဝင်တာတွေသောက်သုံးမိတာ
    နိုက်ထရိတ်ပါဝင်နေတဲ့ ပြုပြင်ထားတဲ့ အသားလိုမျိုးအရာတွေကို စားသုံးမိတာ
    တဆင့်ခံဆေးလိပ်ငွေ့
    အိမ်သန့်ရှင်းရေးသုံးပစ္စည်းတွေရဲ့ ပြင်းထန်တဲ့အနံ့တွေ
    ပတ်ဝန်းကျင်ညစ်ညမ်းမှု
    အနံ့အသက်တွေ
    ရာသီဥတုပြောင်းလဲမှုတွေကြောင့် ခေါင်းကိုက်တာမျိုးဖြစ်နိုင်ပါတယ်။ ဒါတွေက သာမန်ခေါင်းကိုက်စေတဲ့ အကြောင်းအရင်းတွေဖြစ်တာကြောင့် စိုးရိမ်စရာ အရမ်းမရှိဘူးလို့ဆိုရပါမယ်။

ရောဂါ ဒါမှမဟုတ် အကြောင်းရင်းတစ်ခုခုကြောင့်ခေါင်းကိုက်ခြင်း

တစ်ခါတလေမှာ ခေါင်းကိုက်တာက ရောဂါတစ်ခုခုရဲ့ ရှေ့ပြေးလက္ခဏာဖြစ်နိုင်ပါတယ်။ တစ်ခုခုရောဂါခံစားနေရတာကြောင့် ဖြစ်တာမျိုးလည်းရှိနိုင်ပါတယ်။

    အရက်သောက်တာများသွားတာကြောင့် အရက်နာကျတာ
    ဦးနှောက်မှာ အကျိတ်ဖြစ်နေတာ
    သွေးခဲနေတာ
    ဦးနှောက်သွေးယိုတာ၊ ဦးနှောက် တဝိုက်မှာ သွေးယိုစိမ့်နေတာ
    အရမ်းအေးတာတွေကို စားတဲ့အခါ အပေါ်အာခေါင်ကို ကပ်မိတာ
    ကာဗွန်မိုနောက်ဆိုဒ် အဆိပ်သင့်တာ
    ဦးခေါင်းကို ထိခိုက်မိထားတာ
    ရေဓာတ်မလုံလောက်တာ
    မျက်လုံးရေတိမ်ဖြစ်တာ
    ညအိပ်တဲ့အခါ သွားကြိတ်တတ်တာ
    တုပ်ကွေးမိထားတာ
    အကိုက်အခဲပျောက်ဆေးတွေ အသုံးများတာ
    နာတာရှည်ရောဂါတစ်ခုခုခံစားနေရတာ
    လေဖြတ်တာ

ခေါင်းကိုက်တာက ခဏတဖြုတ်ဖြစ်တာမျိုးမဟုတ်ဘဲ ခပ်စိတ်စိတ်ဖြစ်နေတာ၊ တာရှည်ခံစားနေရတာဆိုရင် ပြင်းထန်တဲ့ ရောဂါတစ်မျိုးမျိုး ခံစားနေရတာဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့ပြသကြည့်ဖို့လိုပါမယ်။
ဘယ်လိုစောင့်ရှောက်မှုပေးမလဲ

ခေါင်းကိုက်မှုဖြစ်ရတဲ့အကြောင်းအရင်းပေါ် မူတည်ပြီး ကုသစောင့်ရှောက်မှုက ကွဲပြားပါတယ်။ ခေါင်းကိုက်ရင် အများဆုံးလုပ်ဖြစ်တာက အနားယူတာပါ။ အကိုက်အခဲပျောက်ဆေးတစ်မျိုးမျိုးသောက်တာမျိုးလည်းရှိပါတယ်။ နောက်တစ်ခုက ရေအေးအေးလေးနဲ့ နဖူးကိုကပ်ပေးတာဖြစ်ဖြစ်လုပ်ပေးလိုက်ပါ။ ရေနွေးအိတ်ကပ်ပေးလို့ရသလို ရေခဲဝတ်ကပ်ပေးလို့လည်းရပါတယ်။ အပူချိန်နဲ့အအေးဓာတ်အရမ်းမများဖို့ သတိရပါ။ အစားအသောက်တွေကို ပုံမှန်စားသုံးပေးပါ။ ရေဓာတ်ဆုံးရှုံးစေနိုင်တဲ့ ကဖင်းဓာတ်ပါတဲ့ သောက်စရာတွေကို အတတ်နိုင်ဆုံး နည်းနည်းပဲသောက်ပါ။ ရေများများသောက်ပေးပါ။ သွေးတွင်း အချိုဓာတ်နည်းတဲ့အခါ ခေါင်းမကြည်တာမျိုးဖြစ်နိုင်တာကြောင့် အချိုဓာတ်စားသုံးပေးတာမျိုးလုပ်လို့လည်းရပါတယ်။ ခေါင်းကိုက်နေတဲ့အခါ သံပုရာရည်သောက်တာ၊ လိမ္မော်သီးစားပေးတာ၊ ဂရိတ်ဖရု နဲ့ မဂ္ဂနီဆီယမ်ပါဝင်တဲ့အစားအသောက်တွေစားသောက်စေလို့လည်းရပါတယ်။ ရေနွေးနွေးလေးနဲ့ ရေချိုးပေးတာ၊ ချွေးထွက်အောင် လှုပ်ရှားမှုလေးတွေ လုပ်ပေးတာ၊ နေ့စဉ်ပုံမှန် ကိုယ်လက်လှုပ်ရှားမှုလုပ်ပေးတာ၊ အိပ်စက်ချိန်ပြည့်ဝအောင်အိပ်စက်ပြီး အနားယူတာတွေလုပ်ပေးပြီး ခေါင်းကိုက်ဝေဒနာကို သက်သာအောင်လုပ်လို့ရပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly