တရားဝင်ဆွေးနွေးပွဲပြီးပါက NCA ရေးထိုးရန် KNPP အကြမ်းဖျင်းသဘောတူထားဟုဆို

တရားဝင်ဆွေးနွေးပွဲပြီးပါက NCA ရေးထိုးရန် KNPP အကြမ်းဖျင်းသဘောတူထားဟုဆို

ရန်ကုန်၊ မတ် ၂၉ ။     ။ အစိုးရ၊ တပ်မတော်နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တို့ လာမည့် ဧပြီလအတွင်း တရားဝင် တွေ့ဆုံပြီးပါက တစ်နိုင်ငံလုံး အပစ်ရပ်လက်မှတ် (NCA) ရေးထိုးရန်  အကြမ်းဖျင်းသဘောတူညီထားကြသည် ဟု နိုင်ငံတော်သမ္မရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောဆိုလိုက်သည်။

“ အခုလာမယ့် ဧပြီလအတွင်းမှာ KNPP နဲ့ တရားဝင်ဆွေးနွေးပွဲပြုလုပ်မှာဖြစ်ပါတယ်။ NRPC နဲ့တွေ့မယ် ၊ နောက် တပ်မတော်နဲ့ ဆွေး နွေးမယ်။ ဒါပြီးရင် NCA ထိုးမယ်ဆိုပြီး KNPP နဲ့ အကြမ်းဖျင်း သဘောတူထား တာရှိတယ်” ဟု ၎င်းကဆိုသည်။

နိုင်ငံတော်သမ္မတအိမ်တော် သတင်းစာရှင်းလင်းခန်းမ၌ မတ်လ ၂၉ ရက်နေ့က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ထိုသို့ပြောဆိုလိုက်ခြင်းလည်းဖြစ်သည်။

ယခင် NCA စာချုပ်တွင် လက်မှတ်ထိုးရန်ကိစ္စမှာ KNPP ခေါင်းဆောင်များအကြား သဘောတူညီမှုရရန်၊  ဒေသတွင်း နိုင်ငံရေး လှုပ်ရှားခွင့်ရမှုအပြင်  KNPP တပ်သားအချို့ အသတ်ခံရမှုကိစ္စများကြောင့် NCA ရေးထိုးရန်ကြန့်ကြာနေခြင်းလည်း ဖြစ်ဖွယ် ရှိသည်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) သည် ၂၀၁၂ ခုနှစ် မတ်လပိုင်းက အစိုးရနှင့် ပြည်နယ် အဆင့်ငြိမ်းချမ်းရေး သဘောတူညီချက်ကို ကယား ပြည်နယ် လွိုင်ကော် မြို့တွင်ရေးထိုးထားသည့် အဖွဲ့လည်းဖြစ်သည်။

ထို့အပြင် KNPP အဖွဲ့သည် တပ်မတော်နှင့် ထိတွေ့မှုမရှိသလောက်နည်းပါးသည့် အဖွဲ့လည်းဖြစ်ပြီး ပြည်ထောင်စုအဆင့် သဘောတူညီမှုရရှိရေးအတွက် ထပ်မံဆွေးနွေးကြရန် သဘောတူညီထားသည့် အဖွဲ့လည်းဖြစ်သည်။

အလားတူ ဧပြီလထဲတွင်  NCA မရေးထိုးရသေးသည့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) နှင့် အစိုးရတို့ နှစ်ကြိမ်တွေ့ဆုံသွား ရန်ရှိနေသေးကြောင်းလည်း နိုင်ငံတော်သမ္မတရုံး၌ ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲမှ သိရသည်။

ပုံစာ- အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) နှင့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ဆွေးနွေးပွဲကို မတ်လ ၁၈ရက် နံနက် ၁ဝနာရီတွင် နေပြည်တော်ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) ၌ ကျင်းပခဲ့စဉ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly