ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေကို ပြန်လည်ပြင်ဆင်ရန် PACE အဖွဲ့တိုက်တွန်း

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေကို ပြန်လည်ပြင်ဆင်ရန် PACE အဖွဲ့တိုက်တွန်း

ရန်ကုန်၊ မတ် ၂၈ ။    ။ ရွေးကာက်ပွဲဖြစ်စဉ်နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အပေါ် အများပြည်သူ ယုံကြည်မှု မြင့်တင်လာ စေရန်အတွက် ကော်မရှင်ဥပဒေကို ပြန်လည်ပြင်ဆင်ပေးရန် ရွေးကောက်ပွဲဆိုင်ရာပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE) က အကြံပေးတိုက်တွန်းပြောဆိုလိုက်သည်။

အမှီအခုကင်းသည့် ရွေးကောက်ပွဲကော်မရှင်တစ်ရပ်ဖြစ်လာစေရန် ကော်မရှင်အဖွဲ့ဝင်များ ရွေးချယ်ခန့် အပ်ပုံ၊ အရည်အချင်း သတ်မှတ် ချက်နှင့် လုပ်ပိုင်ခွင့်တာဝန်များကို ပြန်လည်သုံးသပ်ပြီး ဥပဒေကိုပြင်ဆင်ရန် PACE အဖွဲ့အမှုဆောင်ဒါရိုက်တာ ကိုစိုင်းရဲကျော်စွာမြင့်က ပြောဆိုက်ခြင်းလည်းဖြစ်သည်။

“ အခြေခံဥပဒေမပြင်စေဦးတော့ ဒီကော်မရှင်ဟာ လက်ရှိအစိုးရနဲ့တိုက်ရိုက်ပက်သက်နေတဲ့ ကော်မရှင် မဟုတ်ဘူးဆိုတာ။ အခုလည်း ကော်မရှင်ဝင်တွေအားလုံးက ပါတီဝင်တွေမဟုတ်ပါဘူး။ ဒါပေမယ့်လည်း ပုံသဏ္ဍာန်အရ အဲ့လိုဖြစ်နေတာကို။ ဒါမှလည်း ကော်မရှင်ကို ပိုပြီး ယုံကြည်မှုပိုများလာမယ်။ ဒါကြောင့်မို့လို့ အခြေခံဥပဒေပြောင်းလဲမှုလုပ်နေတဲ့အခါမှ ဒီဟာကိုလည်းထည့်သွင်းပြီးတော့ လုပ်သင့် တယ်လို့တိုက်တွန်း တာပါ" ဟု၎င်းကဆိုသည်။

လက်ရှိ  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေအရ ကော်မရှင် ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင်များအားလုံးကို သမ္မတမှတိုက်ရိုက် တင်မြှောက်ရွေးချယ်ရပြီး ကော်မရှင်၏ သက်တမ်းမှာလည်း နိုင်ငံတော်သမ္မတ၏ ရာထူး သက်တမ်းနှင့် အတူတူပင်ဖြစ်သည်။

ထို့ကြောင့် ကော်မရှင်သည် ရွေးကောက်ပွဲတွင်မဲပေးသည့် ပြည်သူများထက် အာဏာရပါတီဘက်ကို အလေး ပေးခြင်းမျိုးဖြစ်လာနိုင်သည်ဟု ထင်မြင်ချက်များ ထွက်ပေါ်လာရကြောင်းလည်း ကိုစိုင်းရဲကျော်စွာမြင့်က ဆိုသည်။

“ အခြေခံဥပဒေပြုပြင်ပြောင်းလဲရေးမလုပ်ချင်ဘူးဆိုရင်တောင်မှ သမ္မတက သူ့ ရဲ့လုပ်ပိုင်ခွင့်ထဲမှာ သူခန့်လို့ ရတာကိုး။ သူက ဘယ်သူဟာ ကော်မရှင်ဝင်ဖြစ်မလဲဆိုတဲ့ နာမည်စရင်းကို သူတစ်ယောက်ထဲကနေ ပြုစု တာနဲ့စာလို့ရှိရင် သူပါတီတွေဆီကတောင်းလို့ရတယ်။ သဘောကဗျာ ပါတီ ၉၆ ပါတီက ဘယ်သူ့ကို လေးစား ကြည်ညိုတဲ့သူလဲ ခင်ဗျားတို့ပေးကြ။ ခင်ဗျားတို့ပေးတာကြည့်ပေးမှရွေးမယ်။ ဒါမှမဟုတ် ရင် လွှတ်တော်က တောင်းတာမျိုး။ ဒါမှမဟုတ်လည်း အများပြည်သူဖွင့်ချလိုက် ခင်ဗျားတို့ CSO တွေကလုပ်ကြ။ မဟုတ် လည်း အများပြည်သူလျှောက်လွှာတင်ကြဗျာ” ဟု ၎င်းကအကြံပြုပြောဆိုသည်။

၂၀၂၀ ရွေးကောက်ပွဲမတိုင်မှီ ကော်မရှင်၏ လွတ်လပ်ပြီးအမှီအခိုကင်းရန်ကိစ္စအပြင် မဲဆွယ်စည်းရုံးမှု ရုံပုံငွေ နှင့်ပက်သက်သည့်ကိစ္စ၊ မဲစာရင်းကိစ္စ၊ ကြိုတင်မဲကိစ္စ၊ နိုင်ငံသားများ၏ပါဝင်ခွင့်ကိစ္စအပြင် ရွေးကောက်ပွဲ နှင့်ပက်သက်သည့် အချိန်စာရင်းနှင့် သတင်းအချက်အလက် တို့ကို ၂၀၂၀ ရွေးကောက်ပွဲမတိုင်မှီ ပြုပြင် ပြောင်းလဲမှုများလုပ်နိုင်ရန်လိုကြောင်းလည်း PACE အဖွဲ့မှထုတ်ပြန်ခဲ့သည်။

ရွေးကောက်ပွဲဆိုင်ရာပြည်သူ့လှုပ်ရှားမှုအဖွဲ့( PACE) သည် မြန်မာနိုင်ငံတွင်း ရွေးကောက်ပွဲဖြစ်စဉ်များကို တက်ကြွစွာ စောင့်ကြည့်၊ ဝေဖန်၊ အကြံပေးနေသည့် အရပ်ဖက်အဖွဲ့အစည်းတစ်ခုလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly