တိုက်ပွဲများကြောင့် မြောက်ဦးတွင် အရပ်သား ထိခိုက်သေဆုံးပျောက်ဆုံးသူ ၅၂ ဦးရှိ

တိုက်ပွဲများကြောင့် မြောက်ဦးတွင် အရပ်သား ထိခိုက်သေဆုံးပျောက်ဆုံးသူ ၅၂ ဦးရှိ
ဓာတ်ပုံ- ရဲနိုင်(လောက်ကိုင်)

ရန်ကုန် ၊ မတ် ၂၈ ။      ။ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် သေဆုံးသူ ၊ ထိခိုက်ဒဏ်ရာရရှိသူ ၊ ပျောက်ဆုံးသူ အရပ်သား စုစုပေါင်း ၅၂ ဦး ရှိနေပြီဖြစ်သည်ဟု ရခိုင်အမျိုးသားပါတီ(ANP) ဗဟို အတွင်း ရေးမှူး ဦးထွန်းအောင်ကျော်က ဆိုသည်။

သို့သော်လည်း ရရှိထားသည့် စာရင်းအချက်အလက်အရ သေဆုံးသူမည်မျှ ၊ ထိခိုက်ဒဏ်ရာရရှိသူ မည်မျှ နှင့် ပျောက်ဆုံးနေသူ အရေအတွက် မည်မျှရှိသည်ကို အသေးစိတ် မခွဲခြားရသေးကြောင်း ဦးထွန်းအောင်ကျော်က ဆိုသည်။

“မိုင်းနင်းပြီးတော့ ခြေထောက်ပြတ်ပြီးတော့ သွေးထွက်လွန်ပြီး သေဆုံးတာတွေ၊ ပျောက်ဆုံးတာတွေ ဒဏ်ရာ ရတာတွေ စုစုပေါင်း ၅၂ ယောက်ရှိနေတယ်” ဟု ဦးထွန်းအောင်ကျော်ကဆိုသည်။

 ရခိုင်အမျိုးသားပါတီမှ ဖွဲ့စည်းထားသည့် အဆိုပါ စုံစမ်းရေးကော်မရှင်သည် မတ်လ ၂၇ ရက်တွင် မြောက်ဦး မြို့နယ်အတွင်း ကွင်းဆင်းစုံစမ်းရာ၌ အထက်ပါ စာရင်းကို ရရှိခဲ့ခြင်းလည်းဖြစ်သည်။ မြောက်ဦးမြို့နယ် အတွင်း ရှိ စစ်ဘေးရှောင် စခန်းများ ၊ ဆေးရုံ၌ ဆေးကုသမှုခံယူနေရသည့် လူနာများကို လိုက်လံတွေ့ဆုံမေးမြန်း ခဲ့ခြင်းလည်းဖြစ်သည်။

 လက်ရှိအချိန်တွင် မြောက်ဦးတစ်မြို့နယ်လုံး၌ စစ်ဘေးရှောင် ဒုက္ခသည် ၇၀၀၀ ခန့် ရှိနေပြီး ယင်းဒုက္ခသည် များသည် လက်နက်ကြီးကျည် ကျရောက်မည်ကို စိုးရိမ်သောကြောင့် တိမ်းရှောင်ခဲ့ရခြင်းဖြစ်သည်ကို မဇ္စျိမ သတင်းဌာနက မြောက်ဦးမြို့သို့ ကွင်းဆင်းသတင်းရယူခဲ့ရာတွင် တွေ့ရှိခဲ့ရသည်။

 မြောက်ဦးမြို့နယ်အတွင်း၌လည်း စျေးဆိုင်များ ပိတ်ထားပြီး လူအသွားအလာ မရှိသလောက် နည်းပါးသည်ကို တွေ့မြင်ခဲ့ရသည်ဟု ဦးထွန်းအောင်ကျော်က ဆိုသည်။

 “မြို့က တစ်ခါတည်း ဆိတ်သုန်းသွားပြီး။ စျေးဆိုင်တွေမဖွင့်ဘူး။ အသွားအလာ ကျိုးတိုးကျဲတဲဖြစ်နေတယ်။ မြောက်ဦးဆိုတာ အင်မတန်စည်ကားတဲ့မြို့ပါ။ နိုင်ငံခြားတွေက ယဉ်ကျေးမှုဓလေ့တွေ ရှေးဟောင်း အမွေ အနှစ်တွေကို လာရောက်လေ့လာတယ်။အခုတော်တော်ဝမ်းနည်းစရာကောင်းတယ်။ မြို့ပျက်ကြီးလိုဖြစ် သွားတယ်” ဟု ၄င်းက ဆိုသည်။

 တပ်မတော်နှင့် ရက္ခိုင့်အဖွဲ့(AA) တို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်အတွင်းမှ အရပ်သားထိခိုက်မှုနှင့် သမိုင်းဝင် ရှေးဟောင်း အမွေအနှစ်များ ထိခိုက်မှုတို့ကို စုံစမ်းတင်ပြရန် ရခိုင်အမျိုးသားပါတီ (ANP) က မတ်လ ၂၀ ရက်နေ့တွင် စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းခဲ့ခြင်းလည်းဖြစ်သည်။

 စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ရခိုင်အမျိုးသားပါတီ ဒုတိယ ဥက္ကဋ္ဌ ဒေါ်အေးနုစိန် ၊ ဗဟိုအတွင်းရေးမှူး ဦးထွန်းအောင်ကျော် အပါအဝင် ANP ပါတီဝင် ပြည်သူ့လွှတ်တော်နှင့် ပြည်နယ်အမတ်များအပါအဝင်စုစုပေါင်း ၉ ဦး ဖြင့် ဖွဲ့စည်းထားသည်။

ကော်မရှင်အနေဖြင့် ၎င်းတို့၏ စုံစမ်းတွေ့ရှိချက်များကို အစီရင်ခံစာရေးသားကာ ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့သို့ တင်ပြရမည်ဖြစ်ပြီး ပါတီမှ တဆင့် နိုင်ငံတော် သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် တို့ထံ ပေးပို့သွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly