တာတိုကွင်းပတ်စက်ဘီးစီးပြိုင်ပွဲ ရန်ကုန်မြို့တွင်း ပထမဆုံးအကြိမ် ကျင်းပ

တာတိုကွင်းပတ်စက်ဘီးစီးပြိုင်ပွဲ ရန်ကုန်မြို့တွင်း ပထမဆုံးအကြိမ် ကျင်းပ
ဓာတ်ပုံ - ထွန်းထွန်းဝင်း

မတ်လ ၁၆ ။             ။ ရန်ကုန်မြို့တွင်း ကွင်းပတ်တာတို စက်ဘီးစီးပြိုင်ပွဲကို ပထမဆုံးအကြိမ်အဖြစ် မတ်လ ၁၆ ရက်နေ ့ နံနက် ၇ နာရီမှ စတင်ပြီး နေ့လယ် ၁၂ နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါတယ်။

“ ရန်ကုန်မြို့မှာ စက်ဘီးပြိုင်ပွဲတွေက လုပ်နေကျပါ။ ဒီပြိုင်ပွဲက မြို့တွင်း လမ်းတစ်ပိုင်းကို ပိတ်ထားပြီးတော့မှ အပတ်ရေနဲ့ ယှဉ်ပြိုင်ရတဲ့ ပြိုင်ပွဲမျိုး ဖြစ်ပါတယ်။ အခုက ပထမဦးဆုံးအကြိမ် ကျင်းပ တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ဆို မန္တလေးမှာ ပြီးခဲ့တဲ့နှစ်က ကျင်းပခဲ့ပြီး ဖြစ်ပါတယ်။ အထင်ကရဖြစ်တဲ့ရန်ကုန်မြို့ကြီးမှာ ပထမဆုံးအကြိမ် ကျင်းပတာပါ။ ရည်ရွက်ချက်အနေနဲ့ဆို စက်ဘီးက မြို့ထဲမှာ လုပ်တဲ့အတွက် ( စက်ဘီး စီးခြင်း)အန္တရာယ်တွေ ပိုရှိနိုင်တယ်။ အားပေးလို့လည်း ကောင်းတယ်။ ဖျော်ဖြေတင်ဆက်မှုတွေရော၊ ဒီအတိုလေးမှလုပ်တော့ စက်ဘီးပြိုင်ပွဲကို ကြည့်ရတာ ပိုလွယ်တယ်။ လူငယ်တွေ ပိုစိတ်ဝင်စားလာအောင်၊  အားကစားသမားတွေ ပေါ်ထွက်လာအောင် ကျင်းပရခြင်း ဖြစ်ပါတယ်” လို့  မြန်မာနိုင်ငံ၊ စက်ဘီးအဖွဲ့ချုပ် (MCF) ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းက ပြောပါတယ်။

မြန်မာနိုင်ငံစက်ဘီးအားကစားအဖွဲ့ချုပ်(MCF) နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပတဲ့ တာတို မြို့ထဲကွင်းပတ် စက်ဘီးစီးပြိုင်ပွဲအားကစားဖြစ်ပြီး ပြိုင်ပွဲကို နိုင်ငံလက်ရွေးစင်အဆင့်နဲ့ ၀ါသနာရှင် အဆင့် စက်ဘီးကစားသမား ၂၀၀ ကျော်က ပါဝင်ယှဉ်ပြိုင်ခဲ့ကြတာပါ။

တာတို ကွင်းပတ်စက်ဘီးပြိုင်ပွဲ (1.3)ကီလိုမီတာပြိုင်ပွဲကို လှည်းတန်းလမ်းဆုံမီးပွိုင့်အနီးမှ အင်းလျားလမ်း မီးပွိုင့်အနီး ၊ တက္ကသိုလ်ရိပ်သာလမ်းတစ်လျှောက် ကျင်းပခဲ့တာဖြစ်ပါတယ်။ ပြိုင်ပွဲ ကို အလွတ်တန်း ၊ အမျိုးသား ၁၉ နှစ်အောက် ၊ အမျိုးသား ၁၉ နှစ်မှ ၂၅ နှစ်အထိ ၊ အမျိုးသား၂၆ နှစ်မှ ၄၀ နှစ်အထိ ၊ အမျိုးသား ၄၀ နှစ်အထက် ပြိုင်ပွဲ နဲ့ အမျိုးသမီး အလွတ်တန်း ပြိုင်ပွဲတို့ကို ကျင်းပခဲ့တာ ဖြစ်ပါတယ်။

ကွင်းပတ် စက်ဘီးစီးပြိုင်ပွဲဆိုတာကတော့ စက်ဘီးစီးပြိုင်ပွဲ အမျိုးမျိုးအနက် ကြည့်ရှုသူ ပရိသတ်တွေအတွက် စိတ်လှုပ်ရှားမှု အပေးနိုင်ဆုံးပြိုင်ပွဲဖြစ်ပြီး ပရိသတ်တွေအနေနဲ့ စက်ဘီးစီးအားကစားသမားတွေရဲ့အရှိန်ကုန် စီးနင်းခြင်း၊အုပ်စုလိုက် တစ်ပြေးညီ စီးနင်းခြင်း ၊ အင်းအားချွေတာရန် ကပ်လိုက်ခြင်း၊ အမှတ်အများဆုံးရတဲ့ နေရာတွေမှာ စီးနင်းခြင်းတို့ အပါဝင် စက်ဘီးစီး နည်းစနစ် မျိုးစုံကို အနီးကပ်ကြည့်ရှုအားပေးရတဲ့ပွဲလည်း ဖြစ်ပါတယ်။

တာတိုမြို့ထဲကွင်းပတ်စက်ဘီးစီးပြိုင်ပွဲတွင် BMX စက်ဘီးအလှပြကွက်များ ၊ ဂျပန်နိုင်ငံ၊ စက်ဘီးအဖွဲ့ချုပ်မှ ကလေးတွေရဲ့ စက်ဘီးနင်းနိုင်အားကို တိုင်းတာနိုင်တဲ့ မီတာဖြင့် စက်ဘီးစီးလေ့ကျင့်စီးနင်းခြင်းတွေ ပါဝင်ခဲ့ပါတယ်။

ဒီပြိုင်ပွဲမှာ လာရောက်ကြတဲ့ ပရိသတ်တွေအတွက် ပာဲလေး၊ အိမ့်ချစ်၊ အိုင်းရင်းဇင်မာမြင့်၊ပိုးမီ တို့ရဲ့ ဖျော်ဖြေတင်ဆက်မှုတွေလည်း ပါဝင်ခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly