AA သည် တစ်အချိုးတစ်ဆယ်ကဲ့သို့ သာလွန်အင်အားဖြင့် စခန်းငယ်များကို တိုက်နေဟု တပ်မတော် ဆို

AA သည် တစ်အချိုးတစ်ဆယ်ကဲ့သို့ သာလွန်အင်အားဖြင့် စခန်းငယ်များကို တိုက်နေဟု တပ်မတော် ဆို

မတ် ၁၀ ။        ။ ယခုနှစ် လွတ်လပ်ရေးနေ့တွင် ရဲကင်းစခန်းများကို တိုက်ခိုက်ခဲ့ပြီး တပ်မတော်နှင့် ထိတွေ့မှု တောက်လျှောက်ရှိနေသည့် ရက္ခိုင့်တပ် AA သည် မတ်လ ၉ ရက်နေ့ ညသန်းခေါင်တွင် ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုပ်ကျေးရွာရှိ ရဲကင်းစခန်းတစ်ခုကို ထပ်မံ စီးနင်းခဲ့သည်။

၎င်းကင်းစခန်းတွင် ထိုအချိန်က တပ်ဖွဲ့ဝင် ၁၂ ဦးရှိပြီး AA က အင်အား ၁၀၀ ခန့်ဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ စခန်းရှိ လက်နက်များပါ ဆုံးရှုံးခဲ့ရသလို တပ်ဖွဲ့ဝင် ၉ ဦး ကျဆုံးခဲ့ကာ ကျန် ၃ ဦးမှာ လွတ်မြောက်ခဲ့သည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်၍ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို ဆက်သွယ်မေးမြန်းရာတွင် AA အနေဖြင့် တစ်အချိုးတစ်ဆယ်လို တစ်ယောက်ကို ဆယ်ယောက်ဖြင့် ဝိုင်းချနေပြီး သာလွန်အင်အားဖြင့် ရဲစခန်းငယ်များကို လိုက်လံအမြတ်ထုတ်နေခြင်းသာ ဖြစ်သည်ဟု မဇ္ဈိမသို့ သဘောထားမှတ်ချက်ပေးသည်။

““ အခုကတော့ ဘာလက်နက်မှ မချခိုင်းဘူး။ လေးဘက် လေးတန်ကနေ ဝုန်းဝုန်း ဝုန်းနဲ့ပစ်တာပဲ။ ၁ အချိုး ၁၀ ပေါ့ တစ်ယောက်ကို ၁၀ ယောက်နဲ့ဝိုင်း ချ တာ။ အင်အားနည်းတဲ့အခါကျရင် သာလွန်အင်အားတွေနဲ့ပဲ လိုက်ပြီးတော့ အမြတ်ထုတ်တာပဲခင်ဗျ။ ဒီတပ်တွေက အင်အားနည်းမှန်းသိတယ်။ သိတဲ့အတွက် သာလွန်အင်အားနဲ့တိုက်တာပဲ ဒါပဲ “ ဟု ၎င်းက ဆိုသည်။

ယခု တိုက်ခိုက်ခံခဲ့ရသည့် ကင်းစခန်းတည်နေရာသို့ တပ်မတော်သားများနှင့် ဒေသအာဏာပိုင်တာဝန်ရှိသူတို့ ရောက်ရှိနေပြီး လုံခြုံရေး ဆောင်ရွက်လျက်ရှိနေသည်။

လွတ်မြောက်သွားသော ၃ ဦးနှင့်လည်း အဆက်အသွယ် ရရှိနေပြီ ဖြစ်သလို ထိုစခန်း၏ အကြီးအကဲမှာလည်း ဒဏ်ရာရရှိခဲ့သည်ဟု ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောသည်။

AA အဖွဲ့သည် မတ်လ ၉ ရက်နေ့ ည ၁၁ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် ထိုစခန်းအား တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ မတ်လ ၁၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီအချိန်ခန့်တွင်မူ ဒေသအာဏာပိုင်များအနေဖြင့် ထို နယ်မြေ အား ပြန်လည် ထိန်းချုပ်ထားနိုင်ပြီဟု အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ သိရသည်။

ပုဏ္ဏားကျွန်းမှ ၃၃ မိုင် ဝေးကွာသည့် အဆိုပါ ယိုးတရုတ်ကျေးရွာသည်  လူဦး ၇၀၀၀ ကျော်ရှိပြီး ရွာသားအများစုမှာ ယမန်နေ့ညက ဖြစ်ပေါ်ခဲ့သည့် ကိစ္စကြောင့် ဖမ်းဆီးမေးမြန်းစစ်ဆေးမှုများ ရှိလာမည်ကို စိုးရိမ်လျက်ရှိနေသည်ဟု သတင်းရရှိသည်။

ယိုးတရုတ်ကျေးရွာသည် ရန်ကုန်-စစ်တွေ ကားလမ်းမပေါ်တွင်တည်ရှိနေခြင်းဖြစ်ပြီး အဆိုပါကားလမ်းသည်လည်း မကြာခဏ ဗုံးပေါက်ခြင်းမျိုးဖြစ်တတ်သကဲ့သို့ ပုဏ္ဏားကျွန်းမြို့နယ်နေရာအချို့သည်လည်း တပ်မတော်နှင့် AA တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားလေ့ရှိသည့် နေရာများလည်းဖြစ်သည်။

AA သို့ ထိုကိစ္စအပေါ် တုံ့ပြန်ဖြေကြားမှုများပြုလုပ်နိုင်ရန်  မတ်လ ၁၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၇ မိနစ်အချိန်က တယ်လီဖုန်းဖြင့် ဆက်သွယ်ခေါ်ဆိုခဲ့သော်လည်း လက်ခံဖြေကြားခဲ့ခြင်း မရှိပါ။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly