လူပုဂ္ဂိုလ်ထက် ပါတီမူဝါဒကို အခြေခံပြီး SNLD လုပ်ဆောင်သွားမည်

လူပုဂ္ဂိုလ်ထက် ပါတီမူဝါဒကို အခြေခံပြီး SNLD လုပ်ဆောင်သွားမည်
SNLD ပါတီ တည်ထောင်သည့် နှစ် ၃ဝပြည့် အခမ်းအနားကို ၂၀၁၈ခုနှစ် အောက်တိုဘာလ ၂၅ရက်နေ့က တောင်ကြီးမြို့တွင် ကျင်းပနေပုံကို တွေ့ရစဉ်။ ဓာတ်ပုံ - စိုင်းထွန်းထွန်းဟန်

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၈ ။          ။ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ထက် ပါတီ၏ မူဝါဒအပေါ် အခြေခံပြီး ရှေ့ဆက်လုပ်ငန်းစဉ်များကို ဆက်လက် လုပ်ဆောင်သွားမည်ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ SNLDမှ အတွင်းရေးမှူး စိုင်းညွန့်လွင်က မဇ္စျိမသို့ အတည်ပြုပြောဆိုသည်။

“ပါတီတွေက တော်တော်များများက လူပုဂ္ဂိုလ်ကိုပဲ အဓိကထားပြီးပြောနေကြတာလေ။ လူပုဂ္ဂိုလ်ရဲ့ သဘော ထားက ပါတီရဲ့ သဘောထားဖြစ်နေတာပေါ့။ အဲ့တော့ နောက်ပိုင်းမှာ လူပုဂ္ဂိုလ်ကို အဓိက မဟုတ်တော့ဘဲနဲ့ ပါတီရဲ့ မူဝါဒက အဓိကဖြစ်သွားမှာပါ။ ဦးခွန်ထွန်းဦးမရှိတော့ဘူး။ ဦးစိုင်းညွန့်လွင်မရှိတော့ဘူး။ ပါတီမူဝါဒတွေ အတိုင်းပဲ သွားမှာပါ” ဆိုသည်။

 သို့သော်လည်း SNLD အနေဖြင့် ရှမ်းတိုင်းရင်းသားများအား အခြေခံသည် မူဝါဒမှ သွေဖယ်သွားမည် မဟုတ်ကြောင်း စိုင်းညွန့်လွင်က ဆိုသည်။

 “ပြည်ထောင်စုအကျိုး၊ ရှမ်းအမျိုးသားအကျိုးပဲ ရှေ့ဆက်လုပ်ဆောင်သွားမှာပါ” ဟု ၄င်းက ထပ်လောင်း ပြောသည်။

 ရှမ်းပြည်နယ်ကဲ့သို့ မျိုးနွယ်စုများ အများအပြားကွဲပြားသည့် နေရာမျိုးတွင်  ရှမ်းလူမျိုးတစ်မျိုးတည်း ဦးတည် လုပ်ဆောင်သည့် နိုင်ငံရေးမျိုးမှာ ရေရှည်တွင် ရပ်တည်နိုင်ရန် ခက်ခဲမည်ဖြစ်သောကြောင့် SNLD အနေဖြင့်  ယခုလို မူဝါဒ ပြောင်းလဲသည့် ကိစ္စမျိုးမှာ ကြိုဆိုရမည် ဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားတစ်ဦးလည်းဖြစ် နိုင်ငံရေး လေ့လာသုံးသပ်သူ တစ်ဦးလည်း ဖြစ်သူ စိုင်းထွန်းအောင်လွင်က ဆိုသည်။

 “စိန်ခေါ်မှုတော့ရှိတယ်။ ချက်ချင်းပြောင်းလိုက်လို့ အခါတွေ ပအိုဝ့်တွေက ရှမ်းအမှတ်အသားတံဆိပ်ကို ချက်ချင်း မဲပေးမလား ဆိုတာတော့ စောင့်ကြည့်ရမယ့်ကိစ္စပဲ၊ စိန်ခေါ်မှုတွေရှိပေမယ့် ဒါက ကြိုဆိုရမယ့် ကိစ္စတစ်ခုလည်း ဖြစ်ပါတယ်” ဟု စိုင်းထွန်းအောင်လွင်က ဆိုသည်။

 ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ SNLD သည် ဝါရင့် ရှမ်းနိုင်ငံရေးသမား ခွန်ထွန်းဦး မှ ဦးစီးပြီး ၁၉၈၈ ခုနှစ်တွင် တည်ထောင်ခဲ့သည့် ဝါရင့်နိုင်ငံရေးပါတီတစ်ခုလည်းဖြစ်ကာ ရှမ်းပြည်နယ်အတွင်း၌ အင်အားကြီး ပါတီတစ်ခုလည်း ဖြစ်သည်။

SNLD အနေဖြင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ ၊ ၂၀၁၇ နှင့် ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ သုံးကြိမ်စလုံး ဝင်ရောက်ယှဉ်ပြိုင်ထားပြီး အမျိုးသားလွှတ်တော်တွင် ၃ နေရာ ၊ ပြည်သူ့လွှတ်တော်တွင် ၁၄ ၊ ရှမ်းပြည်နယ် လွှတ်တော်တွင် ၂၈ ၊ ကချင်ပြည်နယ် လွှတ်တော်တွင် ၁ နေရာ အနိုင်ရရှိထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required