အစိုးရ နှင့် မြောက်ပိုင်းအဖွဲ့ လေးဖွဲ့ တွေ့ဆုံမှု ရလဒ် မသိရသေးဟု KIO ဆို

အစိုးရ နှင့် မြောက်ပိုင်းအဖွဲ့ လေးဖွဲ့ တွေ့ဆုံမှု ရလဒ် မသိရသေးဟု KIO ဆို

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၆ ။         ။ အစိုးရ ငြိမ်းချမ်းရေး ကော်မရှင် နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) အပါအဝင် မြောက်ပိုင်း လက်နက်ကိုင် လေးဖွဲ့တို့သည်  ဖေဖော်ဝါရီ ၂၅ ရက်နေ့ နံနက်ပိုင်းက တရုတ်နိုင်ငံကူမင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့သော်လည်း ဆွေးနွေးမှုရလဒ်နှင့် ပတ်သက်၍ မသိရှိရသေးကြောင်း KIO ဒုဥက္ကဋ္ဌ(၂) ဗိုလ်ချုပ်ဂွန်မော်က မဇ္စျိမသို့ အတည်ပြုပြောဆိုသည်။

 “အစည်းအဝေးသွားတဲ့အဖွဲ့တွေက ပြန်မရောက်လာသေးဘူး။ မနက်ဖြန် (ဖေဖော်ဝါရီ ၂၇) ရက်နေ့မှ ပြန်ရောက် လာပါမယ်” ဟု ဗိုလ်ချုပ်ဂွန်မော်က ဆိုသည်။

 ကချင် လွတ်လပ်ရေးအဖွဲ့ KIO/KIA ၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၊ ကိုးကန့်အဖွဲ့ MNTJP/MNDAA ၊ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် ULA/AA က ကိုယ်စားလှယ်အဖွဲ့များနှင့် အစိုးရဘက်မှ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုဝန်ကြီး ဦးခင်မောင်တင်၊ ငြိမ်းချမ်းရေးကော်မရှင် ဒုဥက္ကဋ္ဌဦးသိန်းဇော်၊ အတွင်းရေး မှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(ငြိမ်း)တို့ တွေ့ဆုံဆွေးနွေးခဲ့ခြင်းလည်းဖြစ်သည်။

 KIO အနေဖြင့် နိုင်ငံရေးဆွေးနွေးပွဲများ ကိစ္စရပ်တွေ ၊ ပြည်နယ်အတွင်းမှ စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးရန် ပြင်ဆင်ထားသည်ဟု KIO ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက ဆိုသည်။

 “နိုင်ငံရေးဆွေးနွေးဖို့ အကြောင်းတွေ နောက်တစ်ခုက စစ်ရှောင်ပြည်သူတွေ ကိုယ့်ရပ်ရွာ ကိုယ်ပြန်ရေး ကိစ္စတွေ ဆွေးနွေးမယ်ဆိုတဲ့ ခေါင်းစဉ်နှစ်ခုတော့ ပြင်ထားတယ်လို့ ကြားမိပါတယ်” ဟု ၄င်းကဆိုသည်။

 တွေ့ဆုံမှုရလဒ်နှင့်ပတ်သက်ပြီး အစိုးရဘက် နှင့် တိုင်းရင်းသားလက်နက်ကိုင်များဘက်မှ ဖေဖော်ဝါရီ ၂၆ ရက်နေ့ ညနေပိုင်းအထိ တစ်စုံတရာ ထုတ်ပြန်ကြေညာထားခြင်းမရှိသေးပေ။

 အစည်းအဝေးအတွင်း၌ မြောက်ပိုင်းအဖွဲ့လေးဖွဲ့အား တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ် (NCA) တွင် လက်မှတ်ရေးထိုးရန် အစိုးရဘက်က တိုက်တွန်းခဲ့သည်ဟု သတင်းများထွက်ပေါ် ခဲ့ခြင်းကြောင့် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် ULA/AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခအား မဇ္စျိမက ဆက်သွယ်မေးမြန်းသော်လည်း မရရှိခဲ့ပေ။

 အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် မြောက်ပိုင်းအဖွဲ့လေးဖွဲ့၏ ဆွေးနွေးပွဲကို ‘ဝ’ အဖွဲ့ (UWSA) နှင့်  မိုင်းလားအဖွဲ့ (NDAA) တို့မှ  ကိုယ်စားလှယ်များလည်း သက်သေအဖြစ် တက်ရောက်ခဲ့သည်။

 ပြီးခဲ့သည့်နှစ် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်နေ့တွင် AA, TNLA နှင့် MNDAA တို့မှ ငြိမ်းချမ်းရေးအတွက် စစ် ရေးပိုင်းဆိုင်ရာ ဦးစွာရပ်တန့်ပြီး နိုင်ငံရေးနည်းလမ်းအရ ဆောင်ရွက်လိုကြောင်း သုံးဖွဲ့ပေါင်းပြီး ကြေညာချက် ထုတ်ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly