၁၃ဝဝပြည့် အရေးတော်ပုံတွင် ကျဆုံးခဲ့သူများ၏ နှစ် ၈၀ ပြည့် အခမ်းအနား ကျင်းပ

၁၃ဝဝပြည့် အရေးတော်ပုံတွင် ကျဆုံးခဲ့သူများ၏ နှစ် ၈၀ ပြည့် အခမ်းအနား ကျင်းပ

မန္တလေး၊ ဖေဖော်ဝါရီ ၂၆ ။               ။ မန္တလေး ၁၃၀၀ ပြည့် အရေးတော်ပုံတွင် ကျဆုံးခဲ့သောအာဇာနည်(၁၇)ဦး၏ နှစ်(၈၀)ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားကို၂၀၁၉ ခုုနှစ် ၊ ဖေဖော်ဝါရီ(၂၆)ရက် နံနက်ကမန္တလေးမြို့၊တမ္ပဝတီရပ်၊ သူကြွယ်ကုန်းတွင်ရှိ အာဇာနည်ဗိမာန်၌ကျင်းပပြုလုပ်ခဲ့သည်။

 မန္တလေးမြို့တွင် ၁၃၀၀ ပြည့်နှစ်က ကိုလိုနီအစိုးရကို ကန့်ကွက်ဆန္ဒပြမှုများ ပြုလုပ်ရာ နယ်ချဲ့စစ်သားများက ပစ်ခတ်သဖြင့် ရဟန်းရှင်လူ (၁၇) ဦး ကျဆုံးခဲ့ပြီး ရုပ်ကလာပ်များကို အိမ်တော်ရာ၌ ပြည်သူ့ဈာပနအဖြစ် ထားရှိ၍ နေမျိုးမဟာသီဟသူရ ဘွဲ့ကိုပေးအပ်ခဲ့ကြပြီးနောက် တမ္ပဝတီရပ် သူကြွယ်ကုန်းတွင် အာဇာနည်(၁၇) ဦးဗိမာန် ဆောက်လုပ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် အာဇာနည် (၁၇) ဦးအားရည်စူး၍ သံဃာတော် (၁၇) ပါး ကို ဆွမ်းကပ်ခြင်း ၊ အာဇာနည်များအား အလေးပြုခြင်း၊ ပန်းခွေချခြင်း နှင့် ဆရာတော်သံဃာတော်များ၏ သြဝါဒခံယူခြင်းများ ပြုလုပ်ခဲ့ကြသည် ။

အာဇာနည် (၁၇) ဦး၏ နှစ် (၈၀) ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားသို့ အာဇာနည် (၁၇) ဦးထဲမှ အချို့သော အာဇာနည်များ၏ ဆွေမျိုးများလာရောက် ဂါရဝပြုခဲ့ကြပြီး နိုင်ငံရေးပါတီအချို့၊ အရပ်ဖက်အဖွဲ့အစည်းများ ၊ နိုင်ငံရေးအင်းအားစုများ၊ တောင်သူလယ်သမားအရေး တက်ကြွလှုပ်ရှားသူများ တက်ရောက်ခဲ့ကြကာ ပန်းခွေချခြင်း၊ အလေးပြုခြင်းများပြုလုပ်ခဲ့ကြသလို အမှတ်တရဓာတ်ပုံများလည်း ပြသခဲ့သည် ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly