မြန်မာနိုင်ငံမြောက်ပိုင်းတွင် အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်

မြန်မာနိုင်ငံမြောက်ပိုင်းတွင် အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၅ ။       ။    အနောက်ဘက်မှ ရွေ့လျားလာသည့် လေဖိအားနည်း ချိုင့်ဝှမ်းတစ်ခုကြောင့် မြန်မာနိုင်ငံ မြောက်ပိုင်းဒေသ အချို့တွင် အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်သည်ဟု မိုးလေဝသနှင့်ဇလဗေဒ ပညာရှင် ဒေါက်တာထွန်းလွင်က သတိပေး ပြောဆိုထားသည်။

ချင်းပြည်နယ် ၊ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကချင်ပြည်နယ် ၊ မကွေးတိုင်းဒေသကြီး မြောက်ပိုင်းတွင် ဖေဖော်ဝါရီ ၂၅ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ် မှ စတင်ပြီး နောက် ၂၄ နာရီအတွင်း နေရာကွက်ကျား မှ နေရာကျဲကျဲ မိုးရွာသွန်းမည်ဖြစ်ကြောင်း ၄င်းက ဆိုသည်။

မိုးတိမ်တောင်ဖြစ်ပေါ်မှုအနေဖြင့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အလယ်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး မြောက်ပိုင်း နှင့် ချင်းပြည်နယ် တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းနိုင်သည် ဟု ဒေါက်တာထွန်းလွင်က ခန့်မှန်းထားသည်။

“မိုးတိမ်တောင်များကြောင့် မိုးခြိမ်းခြင်း ၊ လျှပ်စီးလက်ခြင်း ၊ လေပြင်းတိုက်ခတ်ခြင်း ၊ မိုးသီးကြွေခြင်း ၊ မိုးကြိုးပစ်ခြင်း တို့ ဖြစ်ပေါ် နိုင်ပါတယ်” ဟု ဒေါက်တာထွန်းလွင်ကဆိုသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ထားချက်အရ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကချင်ပြည်နယ် နှင့် ချင်းပြည်နယ်တို့တွင် မိုးထစ်ချုန်းရွာနိုင်သည်ဟု ခန့်မှန်းထားသည်။

ဘင်္ဂလားပင်လယ်အော်အတွင်း၌ မုန်တိုင်းဖြစ်ပေါ်နိုင်သည့်အခြေအနေမရှိသေးဘဲ တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် လှိုင်းအမြင့် (၃)ပေမှ (၅)ပေခန့် ရှိနိုင်သည်ဟု ဒေါက်တာထွန်းလွင်က ဆိုသည်။
    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly