ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်မှ ကရင်နီဒုက္ခသည်များ နေရပ်ပြန်

ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်မှ ကရင်နီဒုက္ခသည်များ နေရပ်ပြန်
  ဓာတ်ပုံ- မြန်မာနိုင်ငံကောင်စစ်ဝန်ရုံးချုပ်၊ ချင်းမိုင်

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၂ ။           ။ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင် ပြည်နယ်အတွင်းရှိ ဒုက္ခသည်စခန်းများ၌ နေထိုင်ကြသည့် ကရင်နီဒုက္ခသည် ၅၉ ဦးသည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) အကူအညီဖြင့် ဖေဖော်ဝါရီ ၂၁ ရက်နေ့ နေ့လယ်ပိုင်းက ကယားပြည်နယ် မယ်စဲ့ဂိတ်မှ တဆင့် နေရပ်သို့ ပြန်လာခဲ့ကြသည်။

မယ်စဲ့ဂိတ်မှတစ်ဆင့် ပြန်လည်ဝင်ရောက်သည့် နေရပ်ပြန်မြန်မာနိုင်ငံသားများသည် လွိုင်ကော်မြို့နယ် ၊ ဒီမော့ဆိုမြို့နယ် ၊ ဖရူဆိုမြို့နယ် ၊ ရှားတော်မြို့နယ် ဖားဆောင်းမြို့နယ်တို့တွင် နေထိုင်ကြသူများဖြစ်ပြီး ထိုင်း-မြန်မာ နှစ်နိုင်ငံအစိုးရ၏ သဘောတူညီမှုဖြင့် မိမိဆန္ဒအလျှောက်နေရပ်ပြန်ရေးအစီအစဉ်အရ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာမဟာမင်းကြီးရုံး(UNHCR) ၏ အကူအညီဖြင့် နေရပ်သို့ ပြန်လာခဲ့ခြင်းလည်းဖြစ်သည်။

 ယခုတစ်ကြိမ်တွင် ထိုင်းနိုင်ငံမှ နေရပ်ပြန်လိုသူ မြန်မာနိုင်ငံသား ၅၇၅ ဦးကို ကရင်ပြည်နယ်၊ မြဝတီဂိတ်နှင့် ကယားပြည်နယ်၊ မယ်စဲ့ဂိတ်တို့မှ တဆင့် ပြန်လည်ဝင်ရောက်လာမည်ဖြစ်ပြီး လက်ခံရေးလုပ်ငန်းစဉ်များကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်မှ ၂၂ ရက်အတွင်း ပြန်လည် လက်ခံသွားမည် ဖြစ်သည်ဟု နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။ ၂၀၁၆ ခုနှစ်မှ စတင်ပြီး မိမိဆန္ဒအလျောက် နေရပ်ပြန် ဒုက္ခသည်များပြန်လည်ပို့ဆောင်ခြင်း အစီအစဉ်ကို လုပ်ဆောင်ခဲ့ရာ ယခုဆိုလျှင် တတိယအကြိမ်မြောက်အထိ ရှိလာခဲ့ပြီလည်းဖြစ်သည်။

 
ထိုင်းနိုင်ငံဒုက္ခသည်စခန်းများတွင် နေထိုင်ကြသူများအား ထောက်ပံ့ရေးရိက္ခာများ လျော့ချခြင်း ၊ ဖြတ်တောက် ခြင်းများကို ပြုလုပ်ခဲ့ပြီးနောက် ဒုက္ခသည်များအနေဖြင့် နေထိုင်သွားလာမှု ကျပ်တည်းလာခြင်းကြောင့် နေရပ်သို့ ပြန်လည်ဝင်ရောက်လာခြင်းလည်းဖြစ်သည်။

 အဆိုပါ ဒုက္ခသည်များ နေရပ်ပြန်လာရာတွင် ခရီးစရိတ် ၊ သယ်ယူပို့ဆောင်ရေးတို့အား UNHCR အပါအဝင် အခြားသော လူမှုအဖွဲ့အစည်းများမှ ကူညီပေးခဲ့ကြသည်။

 ထိုင်းနိုင်ငံအတွင်း၌ နေထိုင်ရန် တည်ဆောက်ပေးထားသည့် ဒုက္ခသည်စခန်းများကို ယခုနှစ် ၂၀၁၉ ခုနှစ် အတွင်း၌ ထိုင်းအစိုးရဘက်မှ ဖျက်သိမ်းမည်ဟု ပြောဆိုထားသော်လည်း နှစ်နိုင်ငံအကြား ညှိနှိုင်းနေဆဲ ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly