ICC အဖွဲ့ဝင်နိုင်ငံ မဟုတ်၍ ခြိမ်းခြောက်မရကြောင်း တပ်ချုပ်ဆို

ICC အဖွဲ့ဝင်နိုင်ငံ မဟုတ်၍ ခြိမ်းခြောက်မရကြောင်း တပ်ချုပ်ဆို

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၈ ။          ။ မြန်မာနိုင်ငံသည် နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) အဖွဲ့ဝင်နိုင်ငံ မဟုတ်ခြင်းကြောင့်  ခြိမ်းခြောက်၍ မရကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် ဂျပန်သတင်းဌာန အဆာဟိရှင်ဘွန်း ရန်ကုန်ဌာနအကြီးအကဲ Mr.Ryuta SOMETAYA က နေပြည်တော်၌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် သီးသန့်တွေ့ဆုံမေးမြန်းခန်းတွင် ၄င်းက ဖြေဆိုခဲ့ခြင်းလည်းဖြစ်သည်။

“ICC က စွပ်စွဲတာတွေရှိတာပေါ့။ ကျွန်တော်တို့ ICC အဖွဲ့ဝင်မဟုတ်ဘူး။ ကျွန်တော်တို့ ICC နဲ့ပတ်သက်ပြီး ဘာမှ လိုက်နာစရာ အကြောင်းမရှိဘူး။ သူ့ဟာသူ ပြောချင်ရာပြောပါစေ။ ကျွန်တော်တို့လည်း ကိုယ့်နိုင်ငံရဲ့ အချုပ်အခြာအာဏာ(Sovereignty) အရပဲ ကျွန်တော်တို့သွားရတာပဲ။ ကျွန်တော်တို့ကို လာပြီး ခြိမ်းခြောက်လို့လည်း မရဘူး” ဟု ၄င်းက ဆိုသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် မြန်မာတပ်မတော်မှ ဘင်္ဂါလီများအား လူမျိုးတုန်း သတ်ဖြတ်မှုများ ပြုလုပ်မှုများ ရှိနေသလို လူ့အခွင့်အရေးချိုးဖောက်မှုများကိုလည်း ကျူးလွန်နေသည်ဟု နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) က တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်များကို စွပ်စွဲထားခြင်းဖြစ်သည်။

နိုင်ငံတကာနှင့် ပတ်သက်သည့် စာချုပ်စာတမ်းများတွင် လက်မှတ်ရေးထိုးသည့် နိုင်ငံရှိသလို မထိုးသည့် နိုင်ငံလည်း ရှိကြောင်း လက်မှတ်ရေးထိုးသည့် နိုင်ငံများသည်လည်း ၄င်းတို့နိုင်ငံ နှင့် ကိုက်ညီသည့် အချက်ကိုသာ လိုက်နာကြောင်း၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆက်လက်ပြောကြားသည်။

 “ကျွန်တော်တို့ ICC Member မဟုတ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ လိုက်နာစရာအကြောင်းလည်း မရှိဘူး။ သို့သော် ဒါကို လိုက်နာစရာ အကြောင်းမရှိဘူးဆိုပြီး မျက်ကွယ်ပြုတာလည်းမဟုတ်ဘူး။ နိုင်ငံတကာ ကနေပြီးတော့ လက်သင့်ခံနိုင်တဲ့ဖြစ််နိုင်တဲ့ဟာမျိုး ဆိုရင်တော့ ကျွန်တော််တို့က လက်သင့်ခံနိုင်တဲ့ အခြေအနေမျိုး ရှိတယ်ဆိုရင်တော့ လိုက်နာမှာဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အဆာဟိရှင်ဘွန်းသတင်းဌာန၏ မေးမြန်းမှုကို ပြန်လည်ဖြေဆိုခဲ့သည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ARSA အဖွဲ့၏ တိုက်ခိုက်မှုဖြစ်စဉ်များ ဖြစ်ပွားပြီးနောက် တပ်မတော်မှ နယ်မြေရှင်းလင်းရေး လုပ်ငန်းများ လုပ်ဆောင်ရာတွင် လူအမြောက်အများ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးသွားခဲ့ရသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီးလည်း အဆာဟိရှင်ဘွန်းက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မည်သို့ ခံစားခဲ့ရသလဲ ဆိုသည့် မေးခွန်းကို မေးမြန်းခဲ့ရာတွင် “လူဆိုတာ ရေကြည်ရာမြက်နုရာ သွားတဲ့သဘောပါပဲ။ အဲတော့ သူတို့ဒီထက်ပိုပြီး ကောင်းတဲ့နေရာကိုသွားဖို့ကြိုးစားတာဖြစ်မယ်” ဟု ၄င်းက ပြန်လည်ဖြေဆိုခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required