ရန်ကုန်ယူနိုက်တက်အသင်း အဝေးကွင်း၌ အနိုင်ရပြီး အာရှချန်ပီယံလိဂ်အကြိုခြေစစ်ပွဲ အောင်မြင်

ရန်ကုန်ယူနိုက်တက်အသင်း အဝေးကွင်း၌ အနိုင်ရပြီး အာရှချန်ပီယံလိဂ်အကြိုခြေစစ်ပွဲ အောင်မြင်

ဖေဖော်ဝါရီလ ၆ ။            ။ ၂၀၁၉ အာရှချန်ပီယံလိဂ်အကြိုခြေစစ်ပွဲကို ဖေဖော်ဝါရီလ ၅ ရက်နေ့က ဖိလစ်ပိုင်နိုင်ငံ၊ ဘာကိုလော့မြို့Panaad Park ကွင်းတွင်   ကျင်းပရာ မြန်မာနိုင်ငံကလပ် ရန်ကုန်ယူနိုက်တက်အသင်းသည် ဖိလစ်ပိုင်ကလပ် ဆီရက်နီဂရို့စ် အသင်း ကို အဝေးကွင်းသွင်းဂု်ိး (၂ -၁) ဖြင့် အနိုင်ရရှိခဲ့သည်။

 ရန်ကုန်ယူနိုက်တက်အသင်းမှကွင်းလယ်တိုက်စစ်ကစားသမား မီလာက ပွဲချိန် ၂၉ မှ စတင် ဦးဆောင်ဂိုး သွင်းယူခဲ့ခြင်း ဖြစ်ပြီး ဆီရက်နီဂရို့စ်အသင်းအတွက် ချေပဂိုးကို ပထမပိုင်းပြီးကာနီးအချိန် ၄၄ မိနစ်တွင် စတီဖင်က သွင်းယူခဲ့သည်။

 ဒုတိယပိုင်းအရောက်တွင် ရန်ကုန်ယူနိုက်တက်အသင်းမှ ကစားသမားများအပြောင်းအလဲပြုလုပ်ခဲ့ပြီး ပွဲချိန် ၅၉ မိနစ်တွင် လူစားဝင်ကစားသမား ကောင်းထက်စိုးက ထပ်မံ အနိုင်ဂိုး သွင်းယူခဲ့သည်။

 ယခုပွဲစဉ်တွင် ရန်ကုန်ယူနိုက်တက်အသင်းအနေဖြင့် ဂိုးသမား ကျော်ဇင်ထက် လက်စွမ်းပြကာကွယ်ခြင်းနှင့် အတူ အသင်းလိုက် အမှားအယွင်းမရှိ ကစားနိုင်ပြီး တန်ပြန်တိုက်စစ်များကြောင့် မြန်မာကလပ်အသင်း အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

 ရန်ကုန်ယူနိုက်တက်အသင်းအနေဖြင့် အာရှချန်ပီယံလိဂ်အကြို ပထမအဆင့် အောင်မြင်ခဲ့သောကြောင့် လာမည့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့၊ ဒုတိယအဆင့်၌ ထိုးကလပ် ချင်းရိုင်ယူနိုက်တက်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly