ကယားဝန်ကြီးချုပ်နှင့် အငြင်းပွားနေသည့်ဘုရားကျောင်းမြေကိစ္စ ပြေလည်မှုရရှိ

ကယားဝန်ကြီးချုပ်နှင့် အငြင်းပွားနေသည့်ဘုရားကျောင်းမြေကိစ္စ ပြေလည်မှုရရှိ

ရန်ကုန် ၊ ဖေဖော်ဝါရီ ၆ ။              ။ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်ရှိုး နှင့် မြေယာပိုင်ဆိုင်မှုအပေါ် အငြင်းပွားမှုဖြစ်ပွားနေသည့်ကိစ္စတွင် NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၏ ကြားဝင်ညှိနှိုင်းပေးမှုကြောင့် ပြေလည်သွားပြီဖြစ်ကြောင်း မယ်စဲ့တိုက်နယ် ကက်သလစ်သာသနာမြေ ကျောင်းထိုင်ဘုန်းကြီး ဖာသာရစ်ချက်သူရထွန်းက မဇ္စျိမသို့ အတည်ပြုပြောဆိုသည်။

“NLD က တာဝန်ရှိသူတွေလာပြီး ဖြေရှင်းပေးခဲ့တာပါ။ တောင်းဆိုထားတဲ့အတိုင်း ဝန်ကြီးချုပ်က ကျောင်းမြေကို ပြန်ပေးတာပေါ့။ အဲ့တော့ ကျွန်တော်တို့လည်း လက်ခံပါတယ်” ဟု ဖာသာရစ်ချက်သူရထွန်းက ဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင် ၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်တို့ လွိုင်ကော်မြို့သို့ လာရောက်ပြီး ကက်သလစ်သာသနာပိုင် ဗဟိုကျောင်းတိုက်၌ သာသနာပိုင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ပြေလည်မှုရရှိခဲ့ခြင်းလည်းဖြစ်သည်။

မယ်စဲ့တိုက်နယ် ကက်သလစ်သာသနာမြေ အချို့အား ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက သိမ်းယူထားခဲ့သည်ဟု ဆိုပြီး ဘုရားကျောင်းတာဝန်ရှိသူများမှ NLD ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ထံ တိုင်ကြားခဲ့ကာ သတင်းစာရှင်းလင်းပွဲများ ပြုလုပ်ခဲ့ကြသည်။

ယင်းကိစ္စကြောင့် NLD ပါတီ ဗဟို စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ ကွင်းဆင်းစိစစ်မှုများ ပြုလုပ်ခဲ့ပြီးနောက် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုးကို ပါတီစည်းကမ်း ချိုးဖောက်မှုဖြင့် ပါတီတွင်း သတိပေးခဲ့သည်။

မယ်စဲ့တိုက်နယ် သာသာနာပိုင်မြေသည် ၁၉၉၄ ခုနှစ် ၊ စက်တင်ဘာ ၁၅ ရက်တွင် ကက်သလစ်သာသနာမြေနေရာအဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး ၂၀၀၆ ခုနှစ် စက်တင်ဘာလ ၁၆ ရက်တွင် မယ်စဲ့မြေစာရင်းဌာနမှ မြေစာရင်းပုံစံ ၁၀၅ ထုတ်ပေးထားသည်ဟု မယ်စဲ့တိုက်နယ်ကက်သလစ်သာသနာဘက်မှ ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly