လူမှုကွန်ယက်တွင်ထွက်ပေါ်နေသော ပလိပ်အင်းအတွင်း အဆိပ်ချငှက်ဖမ်းဆီးမှုများကို သက်ဆိုင်ရာမှ လာရောက် စစ်ဆေး

လူမှုကွန်ယက်တွင်ထွက်ပေါ်နေသော ပလိပ်အင်းအတွင်း အဆိပ်ချငှက်ဖမ်းဆီးမှုများကို သက်ဆိုင်ရာမှ လာရောက် စစ်ဆေး
ဓာတ်ပုံ ဦးမျိုးတင်မွှေ(ပလိပ်အင်း ငှက်ချစ်သူအသင်း)

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်ရှိ ပလိပ်အင်းအတွင်း အဆိပ်ချ ငှက်ဖမ်းဆီးမှုများ ရှိနေသည်ဟု လူမှု ကွန်ယက် စာမျက်နှာတွင် ပျံ့နှံ့လျက်ရှိရာ အဆိုပါဖြစ်စဉ်မှာ မှန်ကန်မှုရှိ မရှိကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ (၅) ရက်၌ သစ်တောဦးစီးဌာန ရွှေ့လျားသားငှက်ထိန်းသိမ်းကယ်ဆယ်ရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

 ပလိပ်အင်းတွင် ကွင်းဆင်းစစ်ဆေးခြင်းကို ရဲတပ်ဖွဲ့၊ သားငှက်ထိန်းသိမ်းရေးအဖွဲ့၊ ငှက်ချစ်သူများအသင်းနှင့် Wildlife Mobile Rescue အဖွဲ့မှပူးပေါင်းကာ ဖေဖော်ဝါရီ ၄ ရက်နှင့် ၅ရက်နေ့များတွင်ကွင်းဆင်းစစ်ဆေး မှုများပြုလုပ်နေခြင်းဖြစ်ပြီး ကွင်းဆင်းစစ်ဆေးမှုတွင် ရေကြက် အပါအဝင် ငှက် (၅)ကောင် အဆိပ်မိ၍ သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း အဆိပ်မ်ိထားသော ရေကြက်တစ်ကောင်ကို ဆေးကုသမှုပေးထားပြီး ကျန်းမာရေးပြန်လည်ကောင်းမွန်လာပါက ပလိပ်အင်းအတွင်း ပြန်လွှတ်ပေးသွားမည်ဖြစ်သည်။

 '' ပလိပ်အင်းမှာလည်း ငှက်တွေကိုအဆိပ်ချဖမ်းဆီးမှုရှိနေတယ်လို့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လာတာတွေ့ရတဲ့အတွက် ဒီသတင်းသိသိချင်း မနေ့ကစပြီး ရောက်ရှိလေ့လာနေပါတယ်။ အင်းထဲကို မနေ့ကနဲ့ ဒီနေ့မနက်ပိုင်း ပတ်ကြည့်ပြီး စစ်ဆေးနေတာပါ၊ စစ်ဆေးတွေ့ရှိရင် ဖမ်းဆီးအရေးယူတာတွေ လုပ်သွားမှာပါ '' ဟု သစ်တောဦးစီးဌာန ရွှေ့လျားသားငှက်ထိန်းသိမ်းကယ်ဆယ်ရေးအဖွဲ့ (Wildlife Mobile Rescue)မှ ဦးစီးအရာရှိ ဦးသန်းလင်းက ပြောသည်။

 သစ်တောဦးစီးဌာန ရွှေ့လျားသားငှက်ထိန်းသိမ်းကယ်ဆယ်ရေးအဖွဲ့ (Wildlife Mobile Rescue)သည် ဖေဖော်ဝါရီ(၄)ရက်နေ့မှစတင်၍ ကွင်းဆင်းစစ်ဆေးနေခြင်းဖြစ်ပြီး ပလိပ်အင်းအနီးဝန်းကျင်ရှိ ကျေးရွာများတွင် ငှက်များကို အဆိပ်ချဖမ်းဆီးခြင်း၊ ပိုက်များဖြင့်ဖမ်းဆီးခြင်း စသည့်ဖြင့် တရားမဝင် ဖမ်းဆီးခြင်းမပြုလုပ်ရန် အသိပညာပေးခြင်းနှင့် ပိုစတာကပ်၍ သတိပေးခြင်းများလည်း ဆောင်ရွက်မည်ဖြစ်သည်။

 ငှက်လေ့လာစောင့်ကြည့်သူများ၏ လေ့လာမှုများအရ ပလိပ်အင်းတွင် ကျက်စားသည့် ရေငှက် မျိုးစိတ် (၃၀) မျိုး၊ ရာသီအလိုက်ပြောင်းရွှေ့ကျက်စားသည့် ဆောင်းခိုငှက် (၁၁)မျိုး နှင့် ဒေသရင်းငှက်မျိုးစိတ် (၁၉)မျိုးရှိကာ ကမ္ဘာ့ရှားပါးစားရင်းဝင် ဘဲပို့ချက်ခေါင်းစိမ်းငှက်နှင့် ဥပန်းငှက်မျိုးစိတ်များအကောင်ရေများပြားစွာ လာရောက် ကျက်စားနေထိုင်ကြပြီး တင်ကျီး၊ တောငန်း၊ ဘဲမြီးသွယ်၊ ရှိုဗယ်လာနှင့် ရေငှက်ကြီးမျိုးများဖြစ်သော ခရုတုတ်၊ ခရုစုတ်ခေါင်းမည်း၊ ငဟစ်မွဲစသည့်ငှက်မျိုးစိတ်များလည်း အကောင်ရေများပြားစွာလာရောက်ကျက်စားလေ့ရှိ ကြောင်း  တစ်နှစ်ပတ်လုံးတွင် ဒေသမျိုးရင်းငှက်(၁၅)မျိုးခန့်ကျက်စားနေထိုင်လေ့ရှိကြောင်း သိရသည်။

 ယခုနှစ်တွင် ရေငှက်စာရင်းကောက်ယူမှုအရ ပလိပ်အင်းတွင် ရေငှက်မျိုးစိတ် (၄၁)မျိုးအပါအဝင် ငှက်မျိုးစိတ်စုစုပေါင်း (၈၀)ကျော်မှတ်တမ်းတင်နိုင်ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly