ညောင်တုန်းမြို့နယ် ဆေးရုံတိုးချဲ့ဆောက်လုပ်မှုအစား အသစ်တစ်ခုလိုချင်ဟု ဒေသခံတို့ဆို

ညောင်တုန်းမြို့နယ် ဆေးရုံတိုးချဲ့ဆောက်လုပ်မှုအစား အသစ်တစ်ခုလိုချင်ဟု ဒေသခံတို့ဆို

ဖေဖေါ်ဝါရီ ၃ ။             ။ ညောင်တုန်းမြို့နယ် ဆေးရုံ သုံးထပ်ဆောင်တိုးချဲ့ ဆောက်လုပ်မှုတွင် အရည်အသွေးမမီဟု ဆိုကာ ဆောက် လုပ်မှုအား ရပ်နားထားရမှုကို ဒေသခံတချို့က စိတ်ပျက်နေပြီး ဆေးရုံသစ်တစ်ခု တည်ဆောက်ပေးဖို့ လိုလားနေကြသည်။

" ကုတင် ၁၀၀ ချပေးရင် ကုတင်၁၀၀ ဆေးရုံ အပြည့်အဝဘဲလိုချင်တယ်။ မြေဧရိယာအကျယ်အဝန်း။ ဆရာဝန်၊ သူနာပြု၊ ဆေးဝါး အဲဒါတွေ အားလုံးကို မြို့သူမြို့သားတစ်ယောက်အနေနဲ့ လိုချင်တယ်၊ ကျွန်တော်တို့မြို့မှာ ဆုံးရှုံးခဲ့ရတာတွေများပါပြီ။ ဆေးရုံအသစ်တခုကို လိုချင်တာပါ”ဟု ညောင်တုန်းဒေသခံ ဦးတင်အောင်က မဇ္စျိမသို့ ပြောသည်။

ညောင်တုန်း ဆေးရုံ သုံးထပ်ဆောင်သစ်အား သိန်း ၆၀၀၀ ကျော် အသုံးပြု ဆောက်လုပ်ရန် တော်ဝင်အောင်မြေ ကုမ္ပဏီက တင်ဒါအောင်မြင်ခဲ့ခြင်းဖြစ်သည်။ တည်ဆောက်နေဆဲကာလတွင် လွဲချော် တည်ဆောက်မှုများ ရှိခဲ့သည်ဟု အလုပ်သမားများ ထုတ်ဖော်ပြောကြားပြီးနောက် စစ်ဆေးခဲ့ရာ ၂၀၁၇ ခုနှစ်တွင် ရပ်နားခဲ့ခြင်း ဖြစ်သည်။

ဒေသခံများအနေဖြင့် ထိုဆေးရုံအား ပြန်လည်တည်ဆောက်မှုထက် အသစ်တစ်ခုကို လိုလားစွာ တင်ပြတောင်းဆိုမှုများ ရှိခဲ့သည်ဟု သွားရောက် စစ်ဆေးမှုများတွင် ကြားသိခဲ့ရကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

“ညောင်တုန်းတိုးချဲ့ဆောင် တွေ့ရှိချက်တွေကို ချပြခဲ့တာပါ။ အစိုးရတွေ့ရှိချက်။ ပြင်ပပညာရှင်တွေရဲ့ တွေ့ရှိချက်။ သက်ဆိုင်ရာ တာဝန်ရှိတဲ့ ဝန်ကြီးဌာနတွေ စိစစ်တွေ့ရှိချက်တွေကို ချပြတာ ဖြစ်ပါတယ်။ ပြည်သူလူထုအနေအထားက  ရေရှည်တည်တံ့ခိုင်မြဲတဲ့ အရည်အသွေးမှီတဲ့အဆောက်အုံတစ်ခုဖြစ်ဖို့ အစက ပြန်ဆောက်ချင်တယ်လို့ ဆန္ဒသဘောထားတွေကို ကြားခဲ့ရပါတယ်။” ဟု လူမှုရေးဝန်ကြီး ဒေါက်တာ လှမြတ်သွေးက ပြောသည်။

ဆေးရုံနှင့် ပတ်သက်ပြီး ကုမ္ပဏီဘက်က အကြိမ်ကြိမ်မှားယွင်းနေသည့်အတွက် ဒေသခံတို့၏ ဆန္ဒလိုလားမှုအတိုင်းသာလျှင် လိုလားကြောင်းလည်း  တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆန်းက ဖြေကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required