ဒုရဲမှူးဟောင်းမိုးရန်နိုင် ဖေဖော်ဝါရီ ၁ ရက်တွင် အင်းစိန်ထောင်မှ လွတ်မည်

ဒုရဲမှူးဟောင်းမိုးရန်နိုင် ဖေဖော်ဝါရီ ၁ ရက်တွင် အင်းစိန်ထောင်မှ လွတ်မည်
Photo-EPA

ရန်ကုန် ၊ ဇန်နဝါရီ ၃၁ ။           ။ ဒုရဲမှူးဟောင်း မိုးရန်နိုင် ဖေဖော်ဝါရီ ၁ ရက်တွင် အင်းစိန်ထောင်မှ လွတ်မည်ဟု ကြားသိရသောကြောင့် အား သွားရောက်ကြိုဆိုမည်ဖြစ်ဟု ညီဖြစ်သူ ကိုရဲဝင်းနိုင်က ပြောသည်။

“ ကျွန်တော်တို့လည်း ကြားတယ်ခင်ဗျ။ အဲ့ဒါကြောင့် ညကြမှ နေပြည်တော်က ထွက်လာမယ်။ မနက်တော့ သွားကြိုမှာပေါ့” ဟု ဒုရဲမှူးဟောင်း မိုးရန်နိုင်၏ ညီ ကိုရဲဝင်းနိုင်က ဆိုသည်။

ရိုက်တာသတင်းထောက်များကို အင်တာဗျူးဖြေဆိုခဲ့ခြင်းကြောင့် ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေဖြင့် ထောင်ဒဏ် တစ်နှစ် ချမှတ်ခံထားရသည့် ဒုရဲမှူးဟောင်းမိုးရန်နိုင်သည် ဇန်နဝါရီ ၂ ရက်နေ့က ပြန်လွတ်မည် ဟု သတင်းများ ထွက်ပေါ်ခဲ့သေးသည်။

ထိုသို့ ဒုရဲမှူးဟောင်း မိုးရန်နိုင် လွတ်မြောက်မည့်ရက်နှင့် ပတ်သက်ပြီး ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလ အောက်ခြေဝန်ထမ်းများမှ လွဲမှားခဲ့ခြင်းဖြစ်ကြောင်း၊ ဖေဖော်ဝါရီလတွင် လွတ်ရက်ပြည့်မည်ဖြစ်ကြောင်း အင်းစိန်ဗဟိုအကျဉ်းထောင်မှ ထောင်မှူး ဦးဇော်ဇော်က ပြောဆိုထားသည်။

ရိုက်တာသတင်းထောက်များဖြစ်သည့် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ နှစ်ဦးအား နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေဖြင့် တရားစွဲဆိုခဲ့သည့် အမှုတွင် ဒုရဲမှူးဟောင်း မိုးရန်နိုင်အား တရားလိုပြသက်သေအဖြစ် အစိုးရက တင်သွင်းခဲ့သည်။

သို့သော်လည်း ဒုရဲမှူးဟောင်း မိုးရန်နိုင်မှ ရိုက်တာသတင်းထောက်နှစ်ဦးကို ရဲတပ်ဖွဲ့က ထောင်ချောက်ဆင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ထွက်ဆိုခဲ့ပြီးနောက် အစိုးရမှ မယုံကြည်ရသည့် သက်သေအဖြစ် သတ်မှတ်ရန် တောင်းဆိုခဲ့သော်လည်း တရားရုံးမှ ပယ်ချခဲ့သည်။

ထိုသို့ ထွက်ဆိုခဲ့သည့် ဒုရဲမှူးဟောင်းမိုးရန်နိုင်သည် ရာထူးမှ ထုတ်ပယ်ခံရပြီး ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေပုဒ်မ ၁၆ (ခ) ၂၂ ဖြင့် ၂၀၁၈ ဧပြီ ၂၇ ရက်က အလုပ်ကြမ်းနှင့် ထောင်ဒဏ် တစ်နှစ်ချမှတ်ခံရခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly