ဒုဥက္ကဋ္ဌရာထူးမှ နှုတ်ထွက်စာကို ဧရာဝတီတိုင်းလွှတ်တော်ပုံမှန်အစည်းအဝေးတွင် ကြေညာမည်

ဒုဥက္ကဋ္ဌရာထူးမှ နှုတ်ထွက်စာကို ဧရာဝတီတိုင်းလွှတ်တော်ပုံမှန်အစည်းအဝေးတွင် ကြေညာမည်

ပုသိမ်၊ ဇန်နဝါရီ ၃၀ ။          ။ ဧရာဝတီတိုင်းဒေသကြီး ဒုတိယဥက္ကဋ္ဌ ဦးစံမင်းအောင် ရာထူးမှ နှုတ်ထွက်စာတင်ထားခြင်းကို ဇန်နဝါရီလ ၃၁ ရက်တွင် ကျင်းပမည့် တိုင်းလွှတ်တော် ပုံမှန်အစည်းအဝေးတွင် ကြေညာသွားမည်ဟု လွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က မဇ္ဈိမသို့ ပြောသည်။

“ မနက်ဖြန် ၃၁ ရက်စွဲနဲ႔ နှုတ်ထွက်စာ တင်မှာပါ။ ကျွန်တော်လည်း အချိန်မီပဲ ပါတီကို သတင်းပို့ပြီးပါပြီ။ မနက်ဖြန် လွှတ်တော်အစည်းအဝေးမှာ တာဝန်ရပ်စဲတာ ကြေညာမှာပါ။ နောက်တစ်ကြိမ်မှာတော့ အသစ်ရွေးတဲ့ကိစ္စ ဆက်လုပ်မယ် ”ဟု ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က ပြောသည်။

၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် လွှတ်တော်ရုံး၌ အသုံးပြုမည့်ကား ၅ စီး ကို ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း ၁၅၈၀ ဖြင့် ဝယ်ယူခဲ့သည့်လုပ်ငန်းစဉ်နှင့် ပတ်သက်၍ ပြည်သူတစ်ဦးက ဒုဥက္ကဋ္ဌ ဦးစံမင်းအောင်ကို NLDပါတီသို့ တိုင်ကြားခဲ့ခြင်းဖြစ်ပြီး တိုင်ကြားမှုအား စစ်ဆေးပြီးနောက်တွင် ပါတီမှ ထုတ်ပယ်ခဲ့ခြင်း ဖြစ်သည်။

ပါတီမှ စစ်ဆေးတွေ့ရှိချက်များ နှင့် ပတ်သက်ပြီး တိုင်းလွှတ်တော်သို့ NLD ပါတီမှ စာပေးပို့ အကြောင်းကြားခဲ့ပြီး နောက် ဒုဥက္ကဋ္ဌ ရာထူးမှ နှုတ်ထွက်စာ တင်ခဲ့ခြင်းလည်း ဖြစ်သည်။

“အားလုံးလည်း ကြားပြီးသား ဖြစ်ပါလိမ့်မယ်။ ကျွန်တော်ကို ပါတီက ထုတ်ပယ်ခဲ့ပြီးသား ဖြစ်ပါတယ်။ ထုတ်ပယ်ခဲ့ပြီးတဲ့အပေါ်မှာ ကျွန်တော် ပြန်လည်ဖြေရှင်းဖို့ ကြိုးစားနေပါတယ်၊ ဆောင်ရွက်နေဆဲလည်း ဖြစ်ပါတယ်။ အားလုံး ကြားကြတဲ့အတိုင်း အဂတိကော်မရှင်လည်း ဝင်နေပြီလို ့ကြားရပါတယ်။ ဥပဒေနဲ့အညီ ရင်ဆိုင်ဖြေရှင်းသွားမယ်လို့ ပြောလိုပါတယ်” ဟု ဒုတိယဥက္ကဋ္ဌရာထူးမှ နှုတ်ထွက်မည့်  ဦးစံမင်းအောင်က ပြောသည်။

 ဇန်နဝါရီ ၃၁ ရက်တွင် လွှတ်တော်ဒုဥက္ကဋ္ဌ အဖြစ် နောက်ဆုံး တက်ရောက်မည်ဖြစ်သည်ဟုလည်း ဦးစံမင်းအောင်က ဆိုသည်။

 “ လွှတ်တော်ကိုယ်စားလှယ်အနေဖြင့် ကျန်ရှိနေမည်ဖြစ်ပါတယ်။ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်က ပြည်သူတွေ ပေးအပ်ထားတဲ့တာဝန်တစ်ရပ်လည်း ဖြစ်တယ်။ မဲဆန္ဒနယ်က ပြည်သူတွေ အခွင့်အရေးတွေ မဆုံးရှုံးစေရေးအတွက် လွှတ်တော်ကိုယ်စားလှယ်အဖြစ်နဲ ၊ ဥပဒေပြုရေးတာဝန်တွေရယ် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းစဉ်တွေရယ် ၊ အဲဒါကို ကိုယ်စွမ်းရှိသရွေ့၊ ဉာဏ်စွမ်းရှိသရွေ့ ဆက်လက်ပြီး ဆောင်ရွက်သွားမှာပါ” ဟု ဒုတိယဥက္ကဋ္ဌ ဦးစံမင်းအောင်က ပြောသည်။

 
လစ်လပ်သွားမည့် တိုင်းလွှတ်တော်ဒုဥက္ကဋ္ဌနေရာအား ဧရာဝတီတိုင်းဒေသကြီးလွှတ််တော် ၁၆ ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ရွေးချယ်သွားမည်ဟု သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required