ရခိုင်နယ်ခြားစောင့်စခန်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းက ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်

ရခိုင်နယ်ခြားစောင့်စခန်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းက ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်

ရန်ကုန် ၊ ဇန်နဝါရီ ၂၄ ။            ။ မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီး မိုင်တိုင်အမှတ် ၄၁ ရှိ နယ်ခြားစောင့် စခန်းတစ်ခုအား ဇန်နဝါရီ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းမှ အမည်မသိသည့် အဖွဲ့တစ်ခုမှ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက မဇ္စျိမသို့ အတည်ပြုပြောဆိုသည်။

“စခန်းတစ်ခုကို အနောက်ဘက် မီတာ ၁၅၀ လောက် ကွာတဲ့တောင်ကုန်းပေါ်က ပစ်တယ်။ ဘင်္ဂလားဒေ့ရှ် ဘက်ခြမ်း ပေါ့နော်။ ဗုံးပစ်လောင်ချာတွေနဲ့ ပစ်တာပါ” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဆိုသည်။

ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်း မီတာ ၁၅၀ ခန့်အကွာရှိ တောင်ကုန်းပေါ်မှ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကာ ထိခိုက်ဒဏ်ရာ ရရှိသည့် စစ်သည်များ မရှိကြောင်း ၄င်းကပြောဆိုသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ခြမ်းမှ ပစ်ခတ်ခဲ့ခြင်းကြောင့် နှစ်နိုင်ငံ နယ်ခြားစောင့်ရဲတပ်ဖွဲ့အကြား ကန့်ကွက်စာ ပေးပို့သွားမည် ဖြစ်ပြီး သံတမန်နည်းလမ်းအရ ကန့်ကွက်စာပေးပို့သွားမည်ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

နယ်ခြားစောင့် တပ်စခန်းအား မည်သည့်အဖွဲ့မှ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ကို စုံစမ်းနေဆဲဖြစ်သော်လည်း  ARSA အဖွဲ့မှ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်မည်ဟု ခန့်မှန်းကြောင်း တပ်မတော်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆိုသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၅ ရက်နေ့ တွင်လည်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ် ခြံစည်းရိုးအနီး၌ တပ်မတော်မှ စစ်ကြောင်းတစ်ခု နှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့တို့ကို ရက္ခိုင့်အဖွဲ့ (AA) က ဖြတ်တောက် တိုက်ခိုက်ခဲ့မှုကြောင့် အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများသည် ဒီဇင်ဘာ လအတွင်းမှ စတင်ကာ ပြင်းပြင်းထန်ထန်ဖြစ်ပွားလာနေပြီး ဇန်နဝါရီ ၄ ရက်နေ့ ကလည်း နယ်ခြားစောင့်ရဲစခန်း လေးခုကို ရက္ခိုင့်အဖွဲ့ (AA) က တပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

ယင်းသို့တိုက်ခိုက်ခဲ့ခြင်းကြောင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့အချို့ ကျဆုံးမှုများရှိခဲ့ကာ လက်နက်ခဲယမ်းအချို့လည်း ဆုံးရှုံးခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly