နေပြည်တော်က တပ်မတော်ထောက်ခံပွဲ အမိန့်အရ လုပ်တာလို့ဆို

နေပြည်တော်က တပ်မတော်ထောက်ခံပွဲ အမိန့်အရ လုပ်တာလို့ဆို
(ဓာတ်ပုံ- ဟိန်းထက်/အီးပီအေ)

နေပြည်တော်(ဇန်နဝါရီ ၂၃ရက်၊ ၂၀၁၉ခုနှစ်)။ ။ နေပြည်တော်စစ်မှုထမ်းဟောင်းအဖွဲ့က ပျဉ်းမနားမြို့တွင် ပြုလုပ်သည့် တပ်မတော်ထောက်ခံပွဲသည် စစ်မှုထမ်းဟောင်းအဖွဲ့(ဗဟို)၏ ညွှန်ကြားချက်ဖြင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ထောက်ခံပွဲတွင် ပါဝင်သည့် စစ်မှုထမ်းဟောင်းတစ်ဦးက ပြောကြားလိုက်သည်။

 နေပြည်တော်ရှိ သီရိငါးမြို့နယ်အပါအဝင် ပျဉ်းမနားနှင့် လယ်ဝေးမြို့နယ်တို့မှ လူအင်အား ငါးရာခန့်ရှိသည့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များက ပျဉ်းမနားမြို့၊ ဆင်ရုပ်အနီးရှိ ကားကြီးဝင်းဟောင်း နေရာတွင် ဇန်နဝါရီ ၂၃ရက်၊ နံနက် ၁ဝနာရီက တပ်မတော်ထောက်ခံပွဲ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

 တပ်မတော်ထောက်ခံပွဲများကို ရန်ကုန်၊ မန္တလေးကဲ့သို့ မြို့ကြီးများ အပါအဝင် နိုင်ငံအဝှမ်းရှိ မြို့အတော်များများတွင် အသီးသီး ပြုလုပ်ခဲ့ပြီးဖြစ်ကာ အစိုးရရုံးစိုက်ရာ နေပြည်တော်တွင် ယခုပြုလုပ်သည့် ထောက်ခံပွဲသည် အမိန့်၊ ညွှန်ကြားချက်အရ လုပ်ဆောင်ခြင်းဖြစ်သည်ဟု အငြိမ်းစားဗိုလ်ကြီး ဦးရန်မျိုးဝင်းက ပြောသည်။

 “တစ်ပြည်လုံးက လုပ်နေတာဆိုတော့ ကျန်တာက နေပြည်တော် ကျန်နေတယ်။ အဲဒီတော့ နေပြည်တော်ဟာ လုပ်ရမယ်ဆိုတဲ့ အမိန့်နဲ့ လုပ်တာပါ။ လုပ်ရမယ်ဆိုတာက စစ်မှုထမ်းဟောင်း(ဗဟို)က ညွှန်ကြားတာပေါ့” ဟု ဇဗ္ဗူသီရိမြို့နယ်၊ စစ်မှုထမ်းဟောင်းအဖွဲ့  ဥက္ကဋ္ဌလည်းဖြစ်သည့် ဦးရန်မျိုးဝင်းက ဆိုသည်။

 ထောက်ခံပွဲတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဓာတ်ပုံ အပါအဝင် တပ်မတော်ကို ထောက်ခံကြောင်း ရေးသားထားသည့် ဗီနိုင်းများကို ကိုင်ဆောင်ကာ ကြွေးကြော်သံများ မအော်ဘဲ စနစ်တကျ တန်းဖြုတ်ပြီး ထောက်ခံပွဲကို အဆုံးသတ်ခဲ့သည်။

 ထို့ပြင် ထောက်ခံသူများက ‘မဆီမဆိုင် နိုင်ငံရေးစွက်ဖက်သော Facebook ကို လုံးဝဆန့်ကျင်သည်’ ၊ ‘ဘက်လိုက်သော ကုလသမဂ္ဂအချက်အလက်ရှာဖွေရေး ကော်မရှင်၏ မမျှမတ တစ်ဖက်သတ်အစီရင်ခံစာ တို့ လုံးဝလက်ခံ’ ၊ ‘APHR ၏ အောက်လုံးအစီရင်ခံစာ အလိုမရှိ’ ၊ ‘တပ်မတော်အင်အား ချိုးနှိမ်မှု မှန်သမျှ တို့လုံးဝ လက်မခံ’ ၊ ‘တပ်မတော်စွမ်းမှ တိုင်းပြည်အေးချမ်းမည်’ ဟူသည့် စာသားများပါဝင်သော ဗီနိုင်းများကို ကိုင်ဆောင်ထားသည်ကိုလည်း တွေ့ရသည်။

 နိုင်ငံတကာမှ မြန်မာတပ်မတော်အပေါ် ဖိအားပေးနေမှု အခြေအနေများနှင့် တစ်ဖက်သတ်အမြင်ဖြင့် စွပ်စွဲပြောကြားမှုများကို နားလည်ရန်၊ တိုင်းပြည်တွင် တပ်မတော်ကို ထောက်ခံသူများ ရှိနေကြောင်း ပြည်သူများ သိစေရန် ဟူသည့် ရည်ရွယ်ချက်ဖြင့် ယခုထောက်ခံပွဲကို ကျင်းပရခြင်းဖြစ်သည်ဟု ဦးဆောင်သူများက မီဒီယာများကို ပြောသည်။

 ပျဉ်းမနားမြို့နယ်၊ စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌဖြစ်သူ အငြိမ်းစား ဗိုလ်မှူး ဦးသန်းအောင်က “တပ်မတော်က ဆောင််ရွက်နေတဲ့ လုပ်ငန်းတွေနဲ့ ကမ္ဘာ့မီဒီယာလောကမှာ ဖြစ်ပျက်နေတဲ့ သတင်းတွေက ဆန့်ကျင်ဘက်တွေ ဖြစ်နေပါတယ်။ ဒါ့ကြောင့် ကမ္ဘာကလည်း ထိုက်သင့်သလောက် သိအောင်၊ မြန်မာပြည်မှာ တပ်မတော်အပေါ် အထင်မှား၊ အမြင်မှားနေတဲ့သူတွေ ရှိရင်လည်း အထင်အမြင်တွေ မှန်လာအောင်၊ မြင်လာအောင် စစ်မှုထမ်းဟောင်းတွေအနေနဲ့ ထောက်ခံပွဲ ပြုလုပ်ရခြင်း ဖြစ်ပါတယ်” ဟု ပြောကြားသည်။

 တပ်မတော််ထောက်ခံပွဲများသည် တပ်မတော်နှင့်ပြည်သူ တစ်သားတည်းရှိသည်ဟူသည့် ပြယုဂ်ဖြစ်ပြီး အဆိုပါ အစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းကြရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြီးခဲ့သည့်နှစ်၊ အောက်တိုဘာ ၃၁ရက်က နေပြည်တော်တွင် ကျင်းပသည့် ့ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ အထူးညီလာခံ(၂၀၁၈)တွင် ပြောကြားခဲ့ကြောင်း တပ်မတော်က ထုတ်ဝေသည့် မြဝတီသတင်းစာတွင် ဖော်ပြထားသည်။

 ဗိုလ်ချုပ်မှူးကြီးက “မိမိတို့နိုင်ငံ၏ အချုပ်အခြာအာဏာ ထိပါးမှုကို ဆန့်ကျင်ပြီး တပ်မတော်၏ ဆောင်ရွက်ချက်များအပေါ် ထောက်ခံပွဲများ ပြုလုပ်နေသည်ကို တွေ့ရကြောင်း၊ အဆိုပါ ဆောင်ရွက်ချက်များသည် နိုင်ငံတော်နှင့် ပြည်သူအပေါ် ထားရှိသည့် တပ်မတော်၏ စစ်မှန်သော သဘောထားများကို သိရှိပြီး တပ်မတော်နှင့်ပြည်သူ တစ်သားတည်းရှိသည်ဆိုသည့် ပြယုဂ်ပင်ဖြစ်ကြောင်း၊ ဒီလို အစဉ်အလာကောင်းများကို ဆက်လက် ထိန်းသိမ်းကြရမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်ဟု နိုဝင်ဘာ ၁ရက်နေ့ထုတ်၊ မြဝတီသတင်းစာတွင် ပါရှိသည်။

ယခုထောက်ခံပွဲတွင် ညွှန်ကြားချက်အရ လုပ်ဆောင်သည်ဟု စစ်မှုထမ်းဟောင်းတစ်ဦး၏ ပြောကြားချက်နှင့်ပတ်သက်ပြီး မဇ္ဈိမအနေဖြင့် မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့(ဗဟို)ထံသို့ ဆက်သွယ်မေးမြန်းနိုင်ခဲ့ခြင်း မရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly