ရန်ကုန်၊ ဇန်နဝါရီ ၂၂ ။ ။ အလှမယ် ရွှေအိမ်စည်မှ Miss Universe Myanmar Organization ဥက္ကဋ္ဌ ဒေါ်စိုးယုဝေကို ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲဆိုထားသည့်အမှုတွင် တရားလိုမလာရောက်နိုင်သောကြောင့် ဖေဖော်ဝါရီ ၅ ရက်နေ့သို့ ရုံးပြန်ချိန်းလိုက်ကြောင်း ရန်ကင်းမြို့နယ်တရား ရုံးမှ တရားသူကြီး ဒေါ်လေးလေးနွယ်ထံမှ သိရသည်။
အလှမယ်ရွှေအိမ်စည်နှင့် ဒေါ်စိုးယုဝေတို့သည် အပြန်အလှန်အမှုဖွင့်တရားစွဲဆိုထားကြတာဖြစ်ပြီး ဇန်နဝါရီ ၂၂ ရက်နေ့၌ မင်္ဂလာတောင်ညွှန့်မြို့နယ်တရားရုံးတွင်လည်း ရုံးချိန်းရှိနေသည့်အတွက် ရန်ကင်းတရားရုံးမှ ရက်ပြန် ချိန်းပေးရန် ရဲဘက်မှ အကြောင်းကြားလာခြင်းဖြစ်သည်ဟုလည်းသိရသည်။
ထို့ကြောင့် ၃ ကြိမ်မြောက်ရုံးချိန်းကို ရန်ကင်းမြို့နယ်တရားရုံးက ဖေဖော်ဝါရီ ၅ ရက်နေ့တွင် တရားလိုဖြစ်သည့် အလှမယ်ရွှေအိမ်စည်အား စတင်စစ်ဆေးရန် ချိန်းဆိုထားကြောင်း မြို့နယ်တရားသူကြီး ဒေါ်လေးလေးနွယ် ကဆိုသည်။
တရားရုံးတွင် တရားလိုပြသက်သေများအနေဖြင့် တရားလိုအပါအဝင် ၉ ဦးထိတင်ပြထားကြောင်းလည်း ၄င်းကဆိုသည်။
Miss Universe Myanmar Organization ဥက္ကဋ္ဌ ဒေါ်စိုးယုဝေ၏ လူမှုကွန်ယက်ဖြစ်သည့် Facebook တွင် ရေးသား ပြောဆိုချက်များသည်အလှမယ်ရွှေအိမ်စည်၏ ဂုဏ်သိက္ခာကိုထိခိုက်စေသည်ဟုဆိုကာ ဇန်နဝါရီ ၈ ရက်နေ့တွင် ရွှေအိမ်စည်က အမှုဖွင့်တရားဆိုခဲ့ခြင်းဖြစ်သည်။
အဆိုပါနေ့တွင်ပင် ဒေါ်စိုးယုဝေကိုတရားရုံးမှဆင့်ခေါ်ခဲ့ပြီးနောက် အာမခံလျှောက်ထားသောကြောင့် ကျင့်ထုံး ဥပဒေပုဒ်မ ၄၉၆ အရ ကျပ်သိန်း ၁၀၀ တန် လူ ၂ ဦးဖြင့် (အာမခံ) အချုပ်လွတ်ထုချေခွင့်ပေးခဲ့ကြောင်း လည်း ရန်ကင်းမြို့နယ်တရားရုံးမှသိရသည်။