အမေရိကန် Rap အဆိုတော် Redfoo ပါဝင်မည့် ဂီတပွဲတော် ရန်ကုန်တွင် ကျင်းပမည်

အမေရိကန် Rap အဆိုတော် Redfoo ပါဝင်မည့် ဂီတပွဲတော် ရန်ကုန်တွင် ကျင်းပမည်

ရန်ကုန်၊ စက်တင်ဘာ ၃၀ ။          ။ Polyphonic Music & Entertainment မှ အမေရိကန် Rap အဆိုတော် Redfoo ပါဝင် ဖျော်ဖြေမည့် International Music Festival Yangon 2015 ကို အောက်တိုဘာ ၂၄ရက်တွင် ရန်ကုန်မြို့ရှိ ရွှေထွဋ်တင်ကွင်း၌ ကျင်းပမည် ဖြစ်သည်။

International Music Festival Yangon 2015 ဂီတ ပွဲတော် ကျင်းပမည့် အစီအစဉ်များနှင့် Redfoo တေးဂီတ အဖွဲ့ လာရောက် ဖျော်ဖြေ တင်ဆက်မည့်အကြောင်း သတင်းစာ ရှင်းလင်းပွဲကို စက်တင်ဘာ ၃၀ရက်တွင် ရန်ကုန်မြို့ရှိ Central Hotel ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ထိုဂီတပွဲတော်ကို Polyphonic Music & Entertainment မှ ပထမဆုံး အကြိမ် ကျင်းပခြင်းဖြစ်ပြီး ဖျော်ဖြေပွဲတွင် Electro Music များကို အဓိကထား တင်ဆက်သွားမည် ဖြစ်သည်။  

International Music Festival Yangon 2015 ဂီတပွဲတော် လက်မှတ်များကို အမြင့်ဆုံး ကျပ် ၇သိန်း သတ်မှတ်ထားပြီး ၅သိန်း၊ ၃သိန်း၊ ၁သိန်း၊ ၅သောင်း ကျပ်ဖြင့် အသီးသီး သတ်မှတ်ထားသည်။ လက်မှတ် ဝယ်ယူ ရရှိနိုင်မည့် နေရာများကို Polyphonic Music & Entertainment မှ မကြာမီ ကြေညာပေးသွားမည် ဖြစ်သည်။ ဂီတပွဲမှ ရရှိသည့် ငွေအချို့ကို ရေဘေးတွင် ပြန်လည် လှူဒါန်းမည်ဖြစ် သည်။

Polyphonic Music & Entertainment မှ Terry Tim က" ကျွန်တော် Music Festival လုပ်ဖို့ ကြိုးစားနေတာကြာပြီ။ ဒါပေမယ့် ဒီအတောအတွင်းမှာ ရေဘေးကိစ္စဖြစ်တော့ ကိုယ်တတ်နိုင်တဲ့ဘက်ကနေ လုပ်ဖို့စဉ်းစားတုန်း Redfoo နဲ့လည်း ဆက်သွယ် မိတာကြောင့် သူကလည်း မြန်မာပြည်ကိုလာဖို့ စိတ်ဝင်စားတာကြောင့် သူကလည်း ဒီရေဘေး ပြန်လည် ထူထောင်ရေး အတွက်ကိုလည်း တစ်ဖက်တစ် လမ်းက ကူညီချင်တဲ့အတွက် ဒီပွဲမှာ Main Artist အနေနဲ့ထားပြီး လုပ်ဖြစ်သွားတာပါ" ဟု ပြောသည်။

International Music Festival Yangon 2015 ဂီတ ပွဲတော်တွင် အမေရိကန် Rapအဆိုတော် Redfoo အပါ အဝင် မလေးရှားနိုင်ငံမှ DJ အဆိုတော် Darren Ashley လည်း ပါဝင်မည် ဖြစ်သည်။

မြန်မာနိုင်ငံမှ အဆိုတော် အားတီ နှင့် DJ- Yတို့ ပါဝင်ဖျော်ဖြေကြမည်ဟု သိရသည်။Redfoo သည် အောက်တိုဘာ ၂၀ရက် နောက်ပိုင်းတွင် မြန်မာနိုင်ငံသို့ ရောက်ရှိမည်ဖြစ်သည်။

Redfoo ၏ Party Rock အပါအဝင် တေးသီချင်းများသည် မြန်မာနိုင်ငံက ပရိသတ်များကြားတွင်လည်း ရေပန်းစားသည့် တေးသီချင်းများ ဖြစ်သည်။ ၎င်းသည် အမေရိကန် ရက်ပ် အဆိုတော်၊ အက ပညာရှင်၊ ဒီဂျေ ပညာရှင် တစ်ဦး ဖြစ်ပြီး၂၀၀၈ ခုနှစ်တွင် Party Rock EPကို ဖြန့်ချိခဲ့ပြီး ဒုတိယမြောက် အယ်လ်ဘမ် Sorry For Party Rocking ကို ၂၀၁၁ ခုနှစ်တွင် ဖြန့်ချိခဲ့သည်။

၂၀၁၄ ခုနှစ်တွင် Redfoo သည် New Thang တေးသီချင်း ကို ဖြန့်ချိခဲ့ပြီး ၂၀၁၅ ခုနှစတွင် Where the Sun Goes တေးသီချင်းကို ဖြန့်ချိ ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly