“ပြည်တွင်းသောင်းကျန်းမှု နှိမ်နင်းရေး” ထိရောက်စွာ ဆောင်ရွက်သွားမယ်လို့ သမ္မတရုံး ပြော

“ပြည်တွင်းသောင်းကျန်းမှု နှိမ်နင်းရေး” ထိရောက်စွာ ဆောင်ရွက်သွားမယ်လို့ သမ္မတရုံး ပြော

နေပြည်တော်(ဇန်နဝါရီလ ၁၉ရက်၊ ၂၀၁၉ခုနှစ်)။      ။ အစိုးရအနေဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် ပြည်သူတို့၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များကို ထိန်းသိမ်း၊ ကာကွယ်စောင့်ရှောက်ရန် ထိရောက်သည့် “ပြည်တွင်းသောင်းကျန်းမှု နှိမ်နင်းေဆောင်ရွက်သွားမည်ဟု နိုင်ငံတော်သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ်၊ ဦးဇော်ဌေးက ဇန်နဝါရီ ၁၉ ရက်တွင် ပြောသည်။

“နိုင်ငံတော်အစိုးရအနေဖြင့် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများ လုံခြုံဘေးကင်းစေရေးကို ထိပါးနှောက်ယှက်သည့် လုပ်ဆောင်ချက်မှန်သမျှကို ထိရောက်သော ပြည်တွင်းသောင်းကျန်းမှု နှိမ်နင်းရေး (Effective Counter-Insurgency Operations) ဆောင်ရွက်သွားမည်” ဟု ဦးဇော်ဌေးက ပြောသည်။

 AA နှင့်ဖြစ်ပွားခဲ့သည့် တိုက်ပွဲအခြေအနေများနှင့်ပတ်သက်၍ တပ်မတော်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး တစ်ရက်အကြာတွင် နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် အိမ်တော်သတင်းထောက်များနှင့်တွေ့ဆုံစဉ် ဦးဇော်ဌေးက ထိုသို့ ရှင်းလင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

 ပြည်သူတို့၏ အသက်၊ အိုးအိမ်၊ စည်းစိမ်နှင့် ရပ်ရွာတည်ငြိမ်အေးချမ်းရေးကို ထိပါးနှောင့်ယှက်လာသည့် အေအေသောင်းကျန်းသူ(ဦးဇော်ဌေး၏ မူရင်းအသုံးအနှုန်း)များကို နှိမ်နင်းနိုင်ရေးအတွက် အစိုးရက တပ်မတော်သို့ သောင်းကျန်းမှုနှိမ်နင်းရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်ရန် ညွှန်ကြားထားပြီး ဖြစ်သည်ဟုလည်း ဦးဇော်ဌေးက ဆိုသည်။

 ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရဲကင်းစခန်းများကို ဝင်တိုက်သည့် AA သည် အကြမ်းဖက် သောင်းကျန်းသူအဖွဲ့ သာ ဖြစ်ပြီး ထိထိရောက်ရောက် ချေမှုန်းရန် ဇန်နဝါရီလ ရရက်နေ့က သမ္မတအိမ်တော်တွင်ပြုလုပ်သည့် ညှိနှိုင်းအစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်က မှာကြားထားသည်ဟု ယမန်နေ့ သတင်းစာရှင်းလင်းပွဲ တွင် တပ်မတော်ဘက်က အောက်ပါအတိုင်း ရှင်းလင်းပြောကြားခဲ့သည်။

“တကယ်လို့ မချေမှုန်းနိုင်လို့ ရှိရင် နိုင်ငံတကာကနေပြီးတော့မှ ARSA ကိုကျွန်တော်တို့ ပြင်းပြင်း ထန်ထန် တိုက်ခိုက်ခဲ့တာဟာ ဘာသာခြားမို့ တိုက်ခိုက်ချေမှုန်းတာ လား၊ AA ကျတော့ တိုင်းရင်း သားဖြစ်နေလို့ မချေမှုန်းဘူးလား စသဖြင့် လက်ညှိုးထိုးစရာဖြစ်လာနိုင်တယ်။ ဒါကြောင့်မို့ ပြတ် ပြတ်သားသား ချေမှုန်းရန် လို အပ်တဲ့အတွက် မှာကြားတာဖြစ်ပါတယ်’’ ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးကော်မတီ၊ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ် ထွန်းထွန်းညီက ရှင်းလင်းပွဲတွင် ပြောသည်။

 အဆိုပါ ဒေါ်အောင်ဆန်းစုကြည်၏ မှာကြားချက်နှင့်ပတ်သက်ပြီး တပ်မတော်ဘက်က ထည့်သွင်းရှင်းလင်းခြင်း အပေါ် အစိုးရအနေဖြင့် တစ်စုံတစ်ရာ မှတ်ချက် မပေးလိုကြောင်း ဦးဇော်ဌေးက ယနေ့တွေ့ဆုံပွဲတွင် ပြောဆိုသည်။

“ဒါက Privileged information ဖြစ်ပါတယ်။ အခြား ထင်မြင်ချက် မပေးလိုပါဘူး” ဟု ၎င်းက ဆိုသည်။

ဇန်နဝါရီလ ၄ ရက်က ရခိုင်ပြည်နယ်၊ မြောက်ပိုင်းရှိ ရဲကင်းစခန်းလေးခုကို AA က တစ်ပြိုင်တည်း ဝင်တိုက်သည့်အတွက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၁၃ဦး ကျဆုံးပြီး ၉ဦး ဒဏ်ရာရရှိခဲ့သည်ဟု အစိုးရက သတင်းထုတ်ပြန်ခဲ့သည်။

 တပ်မတော်အနေဖြင့် AA အဖွဲ့၏ လုပ်ဆောင်ချက်များအပေါ် မူတည်ပြီး စစ်ရေးအရ သို့မဟုတ် ဆွေးနွေးရေး နည်းလမ်းအရ တုံ့ပြန်ဆောင်ရွက်ရန် စဉ်းစားမည်ဟု ယမန်နေ့ သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော် ပြောဆိုထားသည်။

 ‘‘သူတို့ဘက်က ပြောနေတာ ရှိတယ်။ ကွန်ဖက်ထရေးရှင်းပေ့ါ။ သူပြောတာတော့ ကွန်ဖက်ထရိတ်။ ကျွန်တော်တို့ နိုင်ငံတော် အစိုးရရော၊ ပြည်သူရော သွားနေ တာကဒီမိုကရေစီနဲ့ ဖက်ဒရယ် စနစ်ကို အခြေခံတဲ့ပြည်ထောင်စု။ ကွန်ဖက်ထရေးရှင်း မဟုတ်ပါ ဘူး။ ကျွန်တော်တို့ နိုင်ငံတော်အစိုးရရော၊ တပ်မတော်ရော၊ ပြည်သူရောသွားမယ်ဆိုတဲ့ လမ်းကြောင်းနဲ့ သူသွားမယ်ဆိုတဲ့ လမ်းကြောင်းက တခြားစီ ဖြစ်နေတယ်။ ဒါကြောင့် သူ့ရဲ့အယူ အဆရော၊ သူ့ရဲ့လုပ်ဆောင်ချက် တွေကိုရော၊ ပြုပြင်ပြောင်းလဲမှ သာ ဆက်လက်ပြီးတော့ ငြိမ်းချမ်းရေးကိစ္စတွေမှာ ဆောင်ရွက်သွားနိုင်မယ်လို့ ကျွန်တော့်အနေ နဲ့ ဆွေးနွေးလိုပါတယ်’’ ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးကော်မတီ၊ ဥက္ကဋ္ဌ ဗိုလ်ချုပ် စိုးနိုင်ဦးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly