တရုတ်ကိုယ်စားလှယ်နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့မှထိပ်ပိုင်းခေါင်းဆောင်တို့ လိုင်ဇာတွင်တွေ့

တရုတ်ကိုယ်စားလှယ်နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့မှထိပ်ပိုင်းခေါင်းဆောင်တို့ လိုင်ဇာတွင်တွေ့

ရန်ကုန်၊ ဇန်နဝါရီ ၁၂ ။        ။ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ အာရှပစိဖိတ်ရေးရာအထူးကိုယ်စားလှယ် မစ္စတာဆွန်ကော်ရှန်းနှင့်အဖွဲ့သည် ကချင်လွတ်လပ်ရေးအဖွဲ့ (KIA/ KIO) ဌာနချုပ် လိုင်ဇာကို ဇန်နဝါရီ ၁၁ ရက်နေ့ကလာရောက်ပြီး မြောက်ပိုင်း မဟာမိတ်အဖွဲ့ (၄) ဖွဲ့မှထိပ်ပိုင်းခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်ဟုသိရသည်။

အဆိုပါတရုတ်ကိုယ်စားလှယ်အဖွဲ့ကို ကချင်လွတ်လပ်ရေးအဖွဲ့ခေါင်းဆောင်များနှင့် ကချင်ပြည်သူလူထုများက ကြိုဆိုခဲ့ကြပြီး လိုင်ဇာရှိ Padang Hkrunlam majan masing woi awn Rung တွင် ကချင်လွတ်မြောက်ရေး အဖွဲ့(KIA/KIO)၊ တအာင်း၊ ပလောင်လွတ်မြောက်ရေးအဖွဲ့ (TNLA)၊ ကိုးကန့်အဖွဲ့(MNDAA) နှင့် ရက္ခိုင့် အဖွဲ့(AA) တို့မှထိပ်ပိုင်းခေါင်းဆောင်များနှင့် သီးသန့်တွေ့ ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံမှုတွင် ရက္ခိုင့်အဖွဲ့(AA) ဘက်မှစစ်ဦးစီးချုပ်  ဗိုလ်ချုပ်ထွန်းမြတ်နိုင် ဦးဆောင်ကာ ဒေါက်တာညိုထွန်းအောင်နှင့် ဗိုလ်မှူးကြီးကျော်ဟန် တို့ကလာရောက်ဆွေးနွေးခဲ့ကြကြောင်း AA၏ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကပြောသည်။

“ အထူးသဖြင့်ကတော့ တရုတ်-မြန်မာနယ်စပ်တည်ငြိမ်ရေးကိစ္စပေါ့။ ငြိမ်းချမ်းရေးကိစ္စ၊ ရခိုင်ပြည်နယ် ထဲကတိုက်ပွဲတွေကို ဘယ်လိုရပ်စဲအောင်လုပ်မလဲဆိုတဲ့ကိစ္စကိုတော့ အပြန်အလှန်နည်းလမ်းရှာကြတာပေါ့။ သူတို့သိချင်တဲ့ ဇန်နဝါရီ ၄ ရက်နေ့က ဖြစ်စဉ်ကိုလည်း မေးသွားတာရှိတယ်”  ဟု ၄င်းကမဇ္စျိမသို့ပြောသည်။

တရုတ်အစိုးရဘက်မှ ခေါင်းဆောင်များသည် မြန်မာနိုင်ငံငြိမ်းချမ်းရေးနှင့် တရုတ်နယ်စပ် ငြိမ်းချမ်းရေးအတွက် အားစိုက်ဆွေးနွေးရန်အတွက် တရုတ်နှစ်သစ်ကူးအထိန်းအမှတ်အဖြစ် လာရောက်တွေ့ဆုံခြင်း ဖြစ်ကြောင်း KIO သတင်းနှင့့် ပြန်ကြားရေးဌာနမှ သိရသည်။

ထို့အပြင် နိုင်ငံငြိမ်းချမ်းရေးသည် တစ်ကြိမ်၊ နှစ်ကြိမ်ဆွေးနွေးရုံဖြင့် အောင်မြင်မှာ မဟုတ်ကြောင်း၊ ဆွေးနွေး ရာတွင်လည်း အခက်အခဲများကြုံတွေ့လာနိုင်ကြောင်းနှင့် စိတ်ရှည်စွာဆွေးနွေးရန်လိုအပ်ကြောင်း မစ္စတာ ဆွန်ကော်ရှန်းက ပြောကြားခဲ့ကြောင်းလည်းသိရသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လမှ ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး လက်ရှိ ကေအိုင်အို လုပ်ဆောင်ချက်များကို တင်ပြဆွေးနွေးခဲ့ကြောင်းလည်း KIO သတင်းနှင့်ပြန်ကြားရေး ဌာနမှသိရသည်။

 

အဆိုပါ ခရီးစဉ်နှင့်ပတ်သက်၍ ကချင်လွတ်လပ်ရေးအဖွဲ့ (KIA/ KIO) ပြောခွင့်ရပုဂ္ဂိုလ်ထံ ဆက်သွယ် မေးမြန်းခဲ့သော်လည်း စက်ပိတ်ထားသဖြင့် ဖုန်းအဆက်အသွယ်မရရှိခဲ့ပေ။

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ အာရှပစိဖိတ်ရေးရာအထူးကိုယ်စားလှယ် မစ္စတာဆွန်ကော်ရှန်းနှင့် အတူ ယူနန်ပြည်နယ် ပြည်သူ့လုံခြုံရေးဌာန ဒုတိယညွှန်ကြားရေးမှူး Mr. Guo Bau လည်း အဆိုပါခရီးစဉ်တွင် လိုက်ပါခဲ့ကြောင်း သိရသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် နယ်စပ်ဒေသ တည်ငြိမ်ရေးကိုအထူးအာရုံစိုက် ကူညီပေးလာသည့်နိုင်ငံတစ်ခုလည်းဖြစ်သည်။

 

ထို့အပြင် လွန်ခဲ့သည့် ၂၀၁၆ ခုနှစ် နိုဝင်ဘာလ၂ဝရက်နေ့က မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွင် ကချင် လွတ်လပ်ရေးအဖွဲ့ (KIA)၊ တအောင်းတိုင်း ရင်းသားလွတ်မြောက်ရေး အဖွဲ့ (TNLA)၊ မြန်မာ တိုင်းရင်းသားများ ဒီမိုကရေစီတပ်ပေါင်းစု (MNDAA)၊ ရက္ခိုင့်အဖွဲ့ (AA)နှင့် တပ်မတော်တို့ အကြား စစ်ရေးပဋိပက္ခများ ဖြစ်ပွားခဲ့မှုကြောင့် တရုတ်နိုင်ငံထဲကို စစ်ဘေးရှောင်သောင်းနှင့်ချီ၍ ဝင်ရောက်လာခဲ့ဖူးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly