၀ါးခယ်မရှိ ရဲတပ်ဖွဲ့ဝင်နေအိမ်များ ပြန်ဆောက်ပေးရန် တိုင်းလွှတ်တော်တွင် မေးမြန်း

၀ါးခယ်မရှိ ရဲတပ်ဖွဲ့ဝင်နေအိမ်များ ပြန်ဆောက်ပေးရန် တိုင်းလွှတ်တော်တွင် မေးမြန်း

ပုသိမ်၊ ဇန်နဝါရီ ၁၀ ။           ။ ဝါးခယ်မမြို့နယ်ရှိ ရဲတပ်ဖွဲ့ဝင်များ၏ နေအိမ်များ ပြန်လည်တည်ဆောက်ပေးရန်နှင့် ဧရာဝတီ တိုင်းဒေသကြီး အစိုးရသို့ ဝါးခယ်မမြို့နယ်တိုင်းဒေသကြီးကိုယ်စားလှယ်ဦးဌေးအောင်က မေးမြန်းခဲ့သည်။

ဇန်နဝါရီလ ၁ဝရက်နေ့တွင် ကျင်းပသော  ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ၁၅ ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ဦးဌေးအောင်က မေးမြန်းခဲ့ခြင်း ဖြစ်သည်။

"ကျွန်တော် ဝါးခယ်မမြို့နယ်မှာရှိတဲ့ ရဲစခန်းများဟာ နှစ်ပေါင်းများစွာကြာပြီးဖြစ်တဲ့အတွက် တာဝန်ထမ်းဆောင် နေကြပြီးဖြစ်တဲ့ ဝန်ထမ်းများရဲ့ နေအိမ်များဟာ ပျက်ဆီးချို့ယွင်းနေပါတယ်။ ဝန်ထမ်းများနေအိမ်ကို ပြန်လည် ပြုပြင်တည်ဆောက်ပေးဖို့ လိုအပ်နေပါတယ်။ ဝါးခယ်မမြို့မရဲစခန်းရဲ့ အချုပ်ခန်းဟာလည်း အောက်ခြေ တွေဟာ တိုင်တွေ ပျက်ပြီးတော့ မလုံမခြုံဆိုတဲ့ အနေအထားမျိုးရှိနေပါတယ်။ လုံခြုံရေးအရပဲဖြစ်စေ ဝန်ထမ်းများရဲ့ နေထိုင်မှုအရဖြစ်စေ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လိုအပ်သလို ဝန်ထမ်းများ နေအိမ်များ ပြန်လည် ပြုပြင်တည်ဆောက်ပေးနိုင်ပါရန် ကြယ်ပွင့်ပြမေးခွန်းအဖြစ် မေးမြန်းပါတယ် ” ဟု ဝါးခယ်မမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးဌေးအောင် လွှတ်တော်တွင် မေးမြန်းခဲ့သည်

အဆိုပါမေးမြန်းမှုကို ဧရာဝတီတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်က ပြန်လည်ဖြေကြားခဲ့ပြီး ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင် ဝန်ထမ်းအိမ်ရာများဆောက်လုပ်ခွင့်ရရှိရေး တင်ပြ ပေး သွားမည်ဖြစ်ကြောင်း ခွင့်ပြုချက်ရရှိပါက ဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးက နေအိမ် များ ပြုပြင်ထိန်းသိမ်းခြင်းကို တင်ပြလာပြက တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ဆက်လက် တင်ပြပေးသွားမည်ဖြစ်ကြောင်း ဖြေကြားခဲ့သည်။

“၀ါးခယ်မမြို့နယ် ရဲတပ်ဖွဲ့ရှိ ပြင်ပတွင် ငှားရမ်းနေထိုင်သော တပ်ဖွဲ့ဝင် မိသားစု ၅၈ဦးအတွက် လိုအပ်လျက် ရှိတဲ့ နေအိမ်လိုင်းခန်းများကို ၂၀၁၉- ၂၀ ဘဏ္ဍာရေးနှစ်မှာ ငွေလုံး ငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ဆောက်လုပ်ခွင့် ရရန် တင်ပြထားပြီး ခွင့်ပြုငွေ ရရှိပါက ဆောက်လုပ်ခွင့်ပေးသွားမည် ဖြစ်ပါကြောင်းနှင့် တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံးမှ နေအိမ်ပြုပြင်ထိန်းသိမ်းရန် လိုအပ်ချက်များ ရှိကြောင်း တင်ပြလာပါက တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ဆက်လက် တင်ပြဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်”ဟု ဧရာဝတီတိုင်း ဒေသကြီး လုံခြုံရေးနှင့် နယ်စပ် ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly