ရဲကင်းစခန်းများအား AA တိုက်ခိုက်မှုကို လူ့အခွင့်အရေးကော်မရှင် ရှုတ်ချ

ရဲကင်းစခန်းများအား AA တိုက်ခိုက်မှုကို လူ့အခွင့်အရေးကော်မရှင် ရှုတ်ချ
 နယ်ခြားစောင့်ရဲကင်းစခန်းတွင်လုံခြုံရေးတာဝန်ယူနေသော တပ်ဖွဲ့ဝင်တစ်ဦးအား တွေ့ရစဉ်

ရန်ကုန် ၊ ဇန်နဝါရီ ၇ ။         ။ နယ်ခြားစောင့်ရဲစခန်းများအား ရက္ခိုင့််အဖွဲ့ (AA) မှ ဝင်ရောက်တိုက်ခိုက်ခြင်းသည် အစိုးရမှ ဆောင်ရွက် နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ထိခိုက်စေခြင်းကြောင့် ပြင်းထန်စွာ ပြစ်တင်ရှုတ်ချသည်ဟု  မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်မှ ဇန်နဝါရီလ ၆ ရက်နေ့တွင်ကြေညာချက်ထုတ်ပြန်ခဲ့သည်။

 
ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှုရရှိစေရန် အစိုးရမှ ဆောင်ရွက်နေချိန်တွင် ရက္ခိုင့်အဖွဲ့ (AA) မှ တိုက်ခိုက်ခြင်းကြောင့် အခြေအနေများကို ပိုမိုရှုပ်ထွေးစေသည်ဟုလည်း ကော်မရှင်၏ ထုတ်ပြန်ကြေညာ ချက်တွင် ဖော်ပြထားသည်။

 “တိုင်းရင်းသားပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ဆုံးရှုံးစေကာ ရခိုင်ပြည်နယ်အတွင်း ငြိမ်းချမ်း တည်ငြိမ်မှုကို ထိခိုက်စေနိုင်သည့်အပြင် နိုင်ငံတော်အစိုးရက ဖော်ဆောင်နေသော အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကိုလည်း များစွာထိခိုက်မှု ဖြစ်စေနိုင်ပါသည်” ဟု ကော်မရှင် ဘက်ကဆိုသည်။

 

ရက္ခိုင့်အဖွဲ့ (AA) ၏ တိုက်ခိုက်မှုကို “အကြမ်းဖက်တိုက်ခိုက်မှုလုပ်ရပ်” ဟု ကော်မရှင်ဘက်မှ သုံးနှုန်းထားခြင်းကို တွေ့ရှိရပြီး AA အား အစိုးရဘက်က အကြမ်းဖက် တိုက်ဖျက်မှု ဥပဒေပုဒ်မ ဖြင့်အမှုဖွင့်အရေးယူထားသည်။

 
ဇန်နဝါရီ ၄ ရက်နေ့ လွတ်လပ်ရေးနေ့ နံနက်ပိုင်းက ဘူးသီးတောင်မြို့နယ်အတွင်းရှိ ကျောင်းတောင်ရဲစခန်း ၊ ငမြင်းဘော် ရဲကင်းစခန်း ၊ ဂုပ္ပီ ရဲကင်းစခန်း ၊ ခထိလှ ရဲကင်းစခန်း တို့ကို ရက္ခိုင့်အဖွဲ့(AA) မှ လူအင်အား ၁၀၀ ကျော်ဖြင့် တစ်ချိန် တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုတချို့ကို လည်း ဖမ်းဆီးခေါ်ဆောင် သွားခဲ့ခြင်းဖြစ်သည်။

 
ယင်းတိုက်ခိုက်မှုကြောင့် ငမြင်းဘော်ရဲကင်း စခန်းမှ တပ်ဖွဲ့ဝင် ၉ ဦး ကျဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ကျောင်းတောင်ရဲကင်းစခန်းမှ တပ်ဖွဲ့ဝင် ၂ ဦး ကျဆုံး၊ ၁ ဦး ဒဏ်ရာ ရရှိပြီး ဂုပ္ပိရဲကင်းစခန်း မှ ၃ ဦး ဒဏ်ရာရ ရှိကာ ခထီးလှ ရဲကင်းစခန်းမှ ၂ ဦးကျဆုံး၊ ၃ ဦး ဒဏ်ရာရရှိခဲ့ပြီး လက်နက်ငယ်မျိုးစုံ အလက် ၄၀၊ ခဲယမ်းမျိုးစုံ ၁၆၁၁၁ တောင့်၊ လက်ကိုင်စကားပြောစက် ၁ လုံးဆုံးရှုံးခဲ့ကြောင်း အစိုးရဘက်က ထုတ်ပြန်ကြေညာ ထားသည်။

 
တိုက်ပွဲဖြစ်ပွားသည့် ရဲကင်းစခန်း ၄ ခုမှာ မြန်မာ- ဘင်္ဂလားနယ်စပ်နှင့် အတွင်းပိုင်းကျဒေသများတွင် တည်ရှိ ကာ ယင်းရဲကင်းစခန်းများ၌ တပ်မတော်စစ်ကြောင်းများက ပူးပေါင်းနေထိုင်ကြပြီး တပ်မတော်နှင့် AA တို့ အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများတွင်လည်း အဆိုပါ ရဲစခန်းများမှ လက်နက်ကြီးများဖြင့် ပစ်ကူပေး သည့်အတွက် တိုက်ခိုက်ရခြင်း ဖြစ်ကြောင်း AA ဘက်က ပြောဆိုထားသည်။

 
AA ဘက်မှ ထိုသို့ပြောဆိုချက်များနှင့် ပတ်သက်ပြီး နယ်ခြားစောင့်ရဲစခန်းမှ လက်နက်ကြီး ပစ်ကူပေးခြင်း မရှိကြောင်း အစိုးရဘက်က ငြင်းဆန်ထားသည်။
    
    
    
    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required