ကျဆုံးရဲတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များ နေထိုင်ရန် မြေကွက်များ စီစဉ်ပေးမည်

ကျဆုံးရဲတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များ နေထိုင်ရန် မြေကွက်များ စီစဉ်ပေးမည်

ရန်ကုန်၊ ဇန်နဝါရီ ၇ ။          ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြောက်ပိုင်းရှိ နယ်ခြားစောင့်ရဲကင်းစခန်းများ တိုက်ခိုက်ခံရမှုတွင် ကျဆုံးခဲ့ရသည့် ရဲတပ်ဖွဲ့ဝင် ၁၃ ဦး၏မိသားစုဝင်များနေထိုင်ရန် မြေကွက်များ စီစဉ်ပေးရန်ရှိကြောင်း အမှတ် (၁) နယ်ခြားစောင့် ရဲကွပ်ကဲရေးမှူးရုံးမှ ကွပ်ကဲရေးမှူး ရဲမှူးချုပ်မြင့်တိုးက ပြောသည်။

 ဇန်နဝါရီလ ၆ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၌ သွားရောက်သတင်းရယူခဲ့သည့် မီဒီယာများနှင့် တွေ့ဆုံစဉ်ပြော ဆိုခဲ့ခြင်းဖြစ်သည်။

 
“ ကျွန်တော်တို့ကတော့ တောက်လျှောက် ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်ကနေပြီး တောက်လျှောက်စီစဉ်ပေးပါမယ်။ ပေးဖို့လည်း အစီစဉ်ရှိပါတယ်။ နောက်တစ်ခု ရခိုင်ပြည်နယ် အစိုးရ ဆိုရင်လည်း နေဖို့ထိုင်ဖို့မြေကွက်တွေ စီစဉ်ပေးမယ့်အနေအထား ကျွန်တော်တို့ဆီကို အကူအညီ ပေးတာ တွေရှိပါတယ်” ဟု ရဲမှူးချုပ်မြင့်တိုးက ဆိုသည်။

ထို့အပြင် ကျဆုံးရဲတပ်ဖွဲ့ဝင်များအတွက် ပြည်နယ်ရဲတပ်ဖွဲ့မှ ကျပ် ၁၀ သိန်း၊ အစိုးရမှ ကျပ် တစ်သိန်းစီအပြင် ဒဏ်ရာရသော သူများအတွက် ကျပ် ၅ သောင်းစီ ထောက်ပ့ံပေးမည်ဖြစ်ကြောင်းလည်း ရခိုင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးညီညီမင်းကပြောသည်။

ဇန်နဝါရီ ၄ ရက်နေ့က ဖြစ်ပွားသော တိုက်ခိုက်မှုကြောင့် ငမြင်းဘော်ရဲကင်းစခန်း၊ ၊ ကျောင်းတောင် ရဲကင်း စခန်း၊ ဂုပ္ပိရဲကင်းစခန်း၊ ခထီးလှ ရဲကင်း စခန်းတို့မှ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၁၃ ဦးသေဆုံးပြီး ၉ ဦးဒဏ်ရာရရှိခဲ့ကာ ၂ ဦးမှာဒဏ်ရာပြင်းထန်ကြောင်းလည်းသိရသည်။

သေဆုံးရဲတပ်ဖွဲ့ဝင် ၁၃ ဦး၏နာရေးကို ဇန်နဝါရီ ၅ ရက်နေ့ကရှေ့တန်းတွင်ပြုလုပ်ခဲ့ကြောင်းလည်း ရဲမှူးချုပ်မြင့်တိုးကဆိုသည်။

ထို့အပြင် AA မှ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံခဲ့ရသူ ၁၈ ဦးအနက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနဝင် ၁ ဦး ၊ အမျိုးသမီး ၄ ဦး ပါဝင်ပြီး ကျန်သူများသည် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များဖြစ်ကြောင်း အဆိုပါ ဖမ်းဆီးခံထားရသူများသည်  သက်ဆိုင်ရာနေရာအသီးသီး သို့ပြန်လည်ရောက်ရှိပြီဖြစ်ကြောင်းလည်း ၄င်းကပြောသည်။

ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရပြီး ပြန်ရောက်ရှိလာသည့်တပ်ဖွဲ့ဝင်များကိုမှု “ နောက်တန်းဌာနချုပ်မှာ ပြန်လည်စု ဖွဲ့ပြီးတော့ နွေးနွေးထွေးထွေးထားမယ်။ သူတို့ရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာရောပြန်လည်မြင့်တင်မယ်။ နောက်တန်း ဌာနချုပ်မှာ ပြန်လည်စုဖွဲ့လေ့ကျင့့်ဖို့ တွေရှိပါတယ်” ဟု ရဲမှူးချုပ်မြင့်တိုးကဆိုသည်။

အဆိုပါ ဇန်နဝါရီ ၄ ရက်နေ့တိုက်ခိုက်ခံရမှုကြောင့် အနီးအနားရှိ ရွာများမှ အိမ်ထောင်စု ၅၀ ကျော်၊ လူဦးရေ အားဖြင့် ၂၀၀ ကျော်ခန့် စစ်ဘေးရှောင်ခဲ့ရကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရခိုင်ပြည်နယ် အုပ်ချုပ်ရေးမှူး ဦးညီညီမင်း ကပြောသည်။

ရက္ခိုင့်(AA) မှ နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းများအား ဝင်ရောက်တိုက်ခိုက်မှုအပေါ် ဘူးသီးတောင်မြို့နယ် တောင်ပဇာနယ်မြေ ရဲစခန်းတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မအပြင် လက်နက်မှုတို့ဖြင့်ပါ အမှုဖွင့်ထားကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly