မကွေးမြို့တွင် ကျွန်းမကြီးကဗျာရွတ်ပွဲ ၂၇ ကြိမ်မြောက် ကျင်းပမည်

မကွေးမြို့တွင် ကျွန်းမကြီးကဗျာရွတ်ပွဲ ၂၇ ကြိမ်မြောက် ကျင်းပမည်
ဓာတ်ပုံ-ရာစုသစ်(မကွေး)

မကွေး၊ ဇန်နဝါရီ ၄ ။           ။ မကွေးမြို့တွင် ကျွန်းမကြီးကဗျာရွတ်ပွဲ ၂၇ ကြိမ်မြောက် အထိမ်းအမှတ်ပွဲအဖြစ် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့ နံနက်ပိုင်းမှစတင်၍ မကွေး-မင်းဘူး ဧရာဝတီမြစ်လယ်၊ ကျွန်းမကြီးတွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။

ကျွန်းမကြီးပေါ်၌ အနယ်နယ််အရပ်ရပ်မှ ကဗျာဆရာများ ကဗျာရွတ်နိုင်ရန် မကွေးမြို့မှ ကဗျာဆရာ မောင်မော်ကွန်း၊ ဆရာ နိုင်သစ်နီ၊ ဆရာ ထက်သစ်၊ ဆရာ ကိုကျူး၊ ဆရာ ဧဇံ၊ ဆရာ သားဦး၊ ဆရာ ရာစုသစ် (Mgy) နှင့် မကွေးတိုင်းအတွင်းမှ ကဗျာဆရာများက ဦးဆောင်ကျင်းပမည် ဖြစ်သည်။

"မကွေးတိုင်းက ကဗျာဆရာတွေ ဦးဆောင်ပြီး တစ်နိုင်ငံလုံးမှာရှိတဲ့ ကဗျာဆရာတွေ ဖိတ်ကြား တက်ရောက် ခဲ့တာပါ။ ကျွန်းမကြီး ကဗျာရွတ်ပွဲ ငွေရတုမြောက် အထိမ်းအမှတ်အဖြစ် အင်္ကျီနဲ့ကဗျာစာအုပ် ထုတ်ဝေ နိုင်ခဲ့သလို တစ်နိုင်ငံလုံးက ကဗျာဆရာ နှစ်ရာနီးပါး တက်ရောက် ရွတ်ဆိုခဲ့ကြပါတယ်။" ဟု ကဗျာဆရာ မောင်မော်ကွန်းက ပြောသည်။

ကျွန်းမကြီးကဗျာရွတ်ပွဲသည် တစ်နိုင်ငံလုံးမှာ ရှိသော ကဗျာဆရာများ လာရောက်ကြသဖြင့် မြန်မာနိုင်ငံ၏ ကဗျာညီလာခံကြီး ဖြစ်သည်ဟု ကဗျာမောင်မော်ကွန်းက ဆိုသည်။

အဆိုပါ ကျွန်းမကြီးကဗျာရွတ်ပွဲသည် ၁၉၉၁ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့မှ စတင်ကျင်းပပြုလုပ်ခဲ့ရာ ၁၉၉၈ ခုနှစ်၊ ၂၀၁၀ ခုနှစ်အထိ အကြောင်းအမျိုးမျိုးကြောင့် ရပ်နားခဲ့ရပြီးနောက် ဆက်လက်၍ ကဗျာရွတ်ပွဲများ ကျင်းပလာခဲ့ရာ ယခုနှစ်တွင် ၂၇ ကြိမ်မြောက် ကျင်းပသွားမည်ခြင်းဖြစ်ကြောင်း ဦးဆောင်သူများဖြစ်သော မကွေးကဗျာဆရာ လူငယ်ကဗျာဆရာများအဖွဲ့မှ သိရသည်။

မကွေးမြို့ ဧရာဝတီတံတား မြောက်ဘက် ဧရာဝတီမြစ်၏ အလယ်ကျွန်းပေါ်မှာ နှစ်စဉ် ကျင်းခဲ့တဲ့ 'ကျွန်းမကြီး ကဗျာရွတ်ပွဲ' ငွေရတုမြောက်ကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်မှာ ကျင်းပခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly