နိုင်ငံ၏အခက်အခဲများကို အမှန်တရားလက်ကိုင်ထားပြီး ဖြေရှင်းမည်ဟု သမ္မတဆို

နိုင်ငံ၏အခက်အခဲများကို အမှန်တရားလက်ကိုင်ထားပြီး ဖြေရှင်းမည်ဟု သမ္မတဆို

ရန်ကုန် ၊ ဇန်နဝါရီ ၁ ။       ။ ကြုံတွေ့နေရသည့် နိုင်ငံ၏ အခက်အခဲ အကျပ်အတည်းများကို အမှန်တရားနှင့် တရားမျှတမှု လက်ကိုင်ထားပြီး ဖြေရှင်းခြင်းဖြင့် ကျော်လွှားနိုင်မည်ဟု ယုံကြည်ကြောင်း နိုင်ငံတော်သမ္မတဦးဝင်းမြင့်က ပြောဆိုလိုက်သည်။

ဇန်နဝါရီ ၁ ရက်နေ့တွင် ပြောကြားသည့် သမ္မတ၏ နှစ်သစ်ကူးနှုတ်ခွန်းဆက် အမှာစကား တွင် ထည့်သွင်း ပြောဆိုခဲ့ခြင်း လည်းဖြစ်သည်။

“နိုင်ငံတော်မှာ တွေ့ကြုံရင်ဆိုင်နေရတဲ့ အခက်အခဲ အကျပ်အတည်းများကိုလည်း အမှန်တရားနဲ့ တရား မျှတမှုကို လက်ကိုင်ထားပြီး ဖြေရှင်းခြင်းဖြင့် ကျော်လွှားလွန်မြောက်နိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု သမ္မတ ဦးဝင်းမြင့်ကဆိုသည်။

ယင်းအပြင် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင်လည်း ပြည်သူများမှ ပိုမိုပူးပေါင်းဆောင်ရွက်ပေးကြရန်လည်း သမ္မတ ဦးဝင်းမြင့်က ဆိုသည်။

ယခုနှစ်မှစပြီး နောင်လာမည့် နှစ်များအတွင်း နိုင်ငံရေး ၊ စီးပွားရေး လူမှုရေးစသည့် ကဏ္ဍများတွင် အခွင့်အလမ်းကောင်း များ ပိုမိုရရှိလာမည်ဟုလည်း သမ္မတဦးဝင်းမြင့် ပြောဆိုသည့် မိန့်ခွန်းထဲတွင် ထည့်သွင်းပြောဆိုခဲ့သည်။ သို့သော်လည်း မည်သည့်အခွင့်အလမ်းများ ရရှိလာမည်ကိုမူ အတိအကျ ပြောဆိုထားခြင်းမရှိပေ။

နိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေ၏ နှစ်သစ်ကူး ဆုတောင်းစကားထဲတွင် ပြည်သူများ မျှော်လင့်နေသည့် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို နှစ်သစ်တွင် အမြန်ဆုံးရရှိပါစေဟု ပါရှိထားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း နှစ်သစ်ကူးဆုတောင်းစကားများနှင့် ပတ်သက်ပြီး “လူသားအားလုံးဟာ မိမိဘဝတိုးတက်ဖို့အတွက် လုပ်ကိုင်စားသောက်ဖို့ လိုအပ်ကြသလို အားလုံး ဟာလည်း အေးအေးချမ်းချမ်းနဲ့နေထိုင်လိုတဲ့ ဆန္ဒရှိကြပါတယ်၊ ဒီလူသားအားလုံးရဲ့ ဆန္ဒပြည့်စုံစေဖို့အတွက် ကျွန်တော်တို့ တပ်မတော်အနေနဲ့ မိဘပြည်သူများ အားလုံးနဲ့ လက်တွဲဆောင်ရွက်သွားကြမှာ ဖြစ်ကြောင်း ကျွန်တော် ပြောကြားလိုပါတယ်” ဟု ပြောဆိုထားသည်။

နိုင်ငံတော် ၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကလည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ နှင့် နိုင်ငံရေးပါတီကိုယ်စားလှယ် များထံ  နှစ်သစ်ကူးသဝဏ်လွှာ ပေးပို့ခဲ့ပြီး နှစ်သစ်တွင် ပျော်ရွှင် ချမ်းမြေ့ပါစေကြောင်း ဆုတောင်းပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly