ပြည်သူနှင့် အစိုးရထည့်ဝင်ငွေများဖြင့် ကျေးရွာပေါင်း ၂၉ရွာတွင် မီးလင်းရေး ဆောင်ရွက်နိုင်ခဲ့

ပြည်သူနှင့် အစိုးရထည့်ဝင်ငွေများဖြင့် ကျေးရွာပေါင်း ၂၉ရွာတွင် မီးလင်းရေး ဆောင်ရွက်နိုင်ခဲ့

မကွေး၊ဒီဇင်ဘာ ၂၈ ။         ။ မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်ရှိ ကျေးရွာပေါင်း ၂၉ ရွာတွင် ပြည်သူထည့်ဝင်ငွေ ကျပ်သိန်ပေါင်း ၂ သောင်းကျော်၊ အစိုးရထည့်ဝင်ငွေ ကျပ်သိန်း ၄၉၀၀ ကျော်ဖြင့် လျှပ်စစ်မီးပေးနိုင်ခဲ့ကြောင်း မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောကြားသည်။

အဆိုပါပြောကြားခြင်းကို ဒီဇင်ဘာ ၂ရရက်နေ့က ဒေသခံသတင်းမီဒီယာများနှင့် တိုင်းအစိုးရုံးအစည်းအဝေး ခန်းမတွင် တွေ့ဆုံစဉ် ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောကြားခဲ့ခြင်းဖြစ်သည်။

“အခုလိုမီးပေးနိုင်ဖို့က ကျန်တဲ့တိုင်းနဲ့ပြည်နယ်တွေမှာလည်း ဒါမျိုးမလုပ်နိင်ဘူး။ မကွေးတိုင်းက ဒီပြင်မြို့နယ် တွေမှာလည်း မလုပ်နိင်ဘူး။ ဒါမျိုးက ဓာတ်အားခွဲရုံရှိမှ ဖြန့်ဖြူးနိုင်မှာဖြစ်တယ်။ 5 MBA ပဲရှိတဲ့ ဓာတ်အားခွဲရုံတွေများပြီး မြိုင်မြို့နယ် တောထဲမှာ ယခင်အစိုးရလက်ထက်က သုတေသနလုပ်ဖို့ သန်းထောင်ချီ ကုန်ကျခံ တည်ဆောက်ထားတဲ့ 10 MBA ဓာတ်အားခွဲရုံ ရှိခဲ့ပါတယ်။ အခြေအနေအရပ်ရပ်ကြောင့် ဒါကိုမလုပ်နိင်ခဲ့ဘူး။ မလုပ်နိင်တော့ကာ ဒါကို သိပ္ပံနဲ့နည်းပညာဝန်ကြီးဌာနကနေ ပညာရေးဝန်ကြီးဌာန၊ပညာရေးဝန်ကြီးဌာနကနေ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနကို ပေးခဲ့တာ။ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနကလည်း ဒါကို တောထဲကနေ မြိုင့်အထိ ရွေ့ရင် ငွေသန်းထောင်ချီကုန်မှာဆိုတော့ မရွှေ့တော့ဘဲနဲ့ အခုရှိတဲ့နေရာမှာထားပြီး ကျေးရွာတွေ မီးလင်းဖို့အတွက် ခုလို ဖြန့်ဖြူးပေးတာပါ”ဟု ဝန်ကြီးချုပ်က ပြောသည်။

မြိုင်မြို့နယ်ရှိ လွှတ်တော်ကိုယ်စားလှယ်များ ဦးဆောင်ကာ ကြိုးသွယ်တန်းပြီး ဒေသခံကျေးရွာပြည်သူများက ရွာများတွင် ထရန်စဖော်မာများ တည်ဆောက်ရန် ငွေကြေးစိုက်ထုတ်ခဲ့သည့်အတွက် ကျေးရွာအများအား လျှပ်စစ်မီးပေးနိုင်ခဲ့ကြောင်း ဝန်ကြီးချုပ်က ဆိုသည်။

အဆိုပါဓာတ်အားခွဲရုံမှ ကျေးရွာပေါင်း ၅ဝဝခန့်အထိလျှပ်စစ်ဖြန့်ဖြူးပေးနိုင်သည်အတွက် မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာပေါင် ၃၂၉ ရွာအပြင် ပေါက်မြို့နယ်ရှိကျေးရွာများပါ လျှပ်စစ်မီး ဖြန့်ဖြူးနိုင်မည်ဟု သိရသည်။

အဆိုပါကျေးရွာ(၂၉)ရွာအတွက် လျှပ်စစ်မီးလင်းရေးဖွင့်ပွဲကို မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရ အဖွဲ့ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ပြီးခဲ့သည့် ဒီဇင်ဘာ ၂၄ ရက်နေ့တွင် ကျေးရွာ(၁၅ )ရွာ၊ ဒီဇင်ဘာ (၂၅) ရက်နေ့တွင် ကျေးရွာ( ၁၄ )ရွာတွင် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
   

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly