တစ်နိုင်ငံလုံးအပစ်ရပ်ပေးရန် တပ်မတော်ကို မွန်ပြည်သစ်ပါတီတောင်းဆို

တစ်နိုင်ငံလုံးအပစ်ရပ်ပေးရန် တပ်မတော်ကို မွန်ပြည်သစ်ပါတီတောင်းဆို

ရန်ကုန် ၊ ဒီဇင်ဘာ ၂၇ ။              ။ အားလုံးပါဝင်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဖြစ်ပေါ်ရန်အတွက် တပ်မတော်အနေဖြင့် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲကြောင်း ထုတ်ပြန်သင့်သည်ဟု မွန်ပြည်သစ်ပါတီက ဒီဇင်ဘာ ၂၆ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။

 

ဒီဇင်ဘာ ၂၁ ရက်နေ့က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရ ငြိမ်းချမ်းရေး အတွက် ထုတ်ပြန်ချက်သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အပြုသဘောဆောင်သည့် တိုးတက်မှုတစ်ခုဖြစ်သည် ဟုလည်း မွန်ပြည်သစ်ဘက်ကဆိုသည်။

 

တပ်မတော်ဘက်မှ ယင်းသို့ ထုတ်ပြန်ကြေညာခဲ့ခြင်းကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ရန် ကန့်သတ်ခံနေရသည့် ကိုးကန့်အဖွဲ့ MMDAA၊ ပလောင်အဖွဲ့ TNLA နှင့် ရက္ခိုင့်အဖွဲ့ AA တို့သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လာနိုင်မည်လည်း ဖြစ်သည်။

 

လက်ရှိအချိန်တွင် တပ်မတော်ဘက်မှ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများအားလုံးကို ရပ်ဆိုင်းပေးထားပြီး ဖြစ် သောကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်ရန် လိုအပ်မည်ဟု ဒီဇင်ဘာ ၂၆ ရက်နေ့၌ ကျင်းပသည့် တပ်မတော် (ကြည်း) ဗိုလ်သင်တန်း ကျောင်း(မှော်ဘီ) ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်းဆင်း အခမ်းအနားတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုထားသည်။

 

တပ်မတော်ဘက်မှ လေးလကျော်ကြာ စစ်ဆင်ရေး ရပ်ဆိုင်းပေးမည်ဟု ထုတ်ပြန်ထားသည့် စစ်တိုင်းများ ထဲတွင် လက်ရှိတိုက်ပွဲများ ခပ်စိပ်စိပ် ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ် (အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်) မပါဝင်ဘဲ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ရှိ (မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ၊အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် တြိဂံဒေသတိုင်းစစ်ဌာနချုပ်နယ်မြေ) များသာ ပါဝင်သည်။

 

လက်ရှိအချိန်တွင် ရခိုင်ပြည်နယ် ဘူးသီးတောင် ၊ ကျောက်တော် နှင့် ပုဏ္ဏားကျွန်းမြို့နယ်အနီးတဝိုက်တွင် တပ်မတော်နှင့် ရက္ခိုင့်အဖွဲ့ (AA) တို့အကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည်။

 

တပ်မတော် မှ ဒေသအချို့တွင် စစ်ဆင်ရေးလှုပ်ရှားမှုများကို ရပ်တန့်ပေးထားခြင်းသည် အပြုသဘော ဆောင်သော်လည်း စစ်ရေးပဋိပက္ခဖြစ်ပွားနေသည့် ဒေသအချို့ ချန်လှပ်ထားခဲ့ခြင်း၊ အချိန်ကန့်သတ် ထားခြင်းကြောင့် အားလုံးပါဝင်ပြီး ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်ချမ်းရေးလုပ်ငန်းစဉ်အတွက် တစ်စုံတရာ အဟန့်အတားဖြစ်စေနိုင်သည်ဟုလည်း မွန်ပြည်သစ်ပါတီဘက်က ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြ ထားသည်။

 

မွန်ပြည်သစ်ပါတီသည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင်  လက်မှတ်ရေးထိုးထားသည့်အဖွဲ့လည်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly